Friday, 3 August 2012

X2O ရေကစားမဏ္ဍပ်ဗုံးဖောက်ခွဲမှုဖြင့် သေဒဏ်ကျခံနေရသူ ကိုဖြိုးဝေအောင် လွတ်မြောက်

              ၂၀၁၀ ခုနှစ်တွင် X2O သင်္ကြန်ရေကစားမဏ္ဍပ်တွင် ဗုံးဖောက်ခွဲမှုဖြင့် စွတ်စွဲခံရပြီး   သေဒဏ်ကျခံနေရသော ကိုဖြိုးဝေအောင်ကို နိုင်ငံတော်သမ္မတလွတ်ငြိမ်းချမ်းသာခွင့်ဖြင့် သြဂုတ်လ ၃ ရက် မွန်းလွဲပိုင်းတွင် ပြန်လွှတ်ပေးလိုက်ကြောင်း အင်းစိန်ထောင်နှင့် နီးစပ်သောအသိုင်းအဝန်းမှ
ပြောကြားသည်။
                  ကိုဖြိုးဝေအောင်သည် ၂၀၁၀ သင်္ကြန် ဗုံးဖောက်ခွဲမှုနှင့် ပတ်သက်ပြီး တစ်နှစ်ကျော်ဖမ်းဆီး ထိန်းသိမ်းခံခဲ့ရပြီးနောက် ၂၀၁၁ ခုနှစ် မေ ၈ ရက်နေ့၌ ရန်ကုန်မြောက်ပိုင်းခရိုင်အထူးတရားရုံးမှ သေဒဏ်ပေးခြင်းခံခဲ့ရသူဖြစ်သည်။ ကိုဖြိုးဝေအောင်မှာ ယခုအချိန်တွင် အင်းစိန်အထွေထွေရောဂါကုဆေးရုံကြီးတွင် တက်ရောက်ဆေးကုသမှုခံယူနေရပြီး အသည်းကင်ဆာရောဂါကို အပြင်းအထန် ခံစားနေရကြောင်း သိရသည်။
                         ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးကိုယ်စားလှယ် သောမတ်အိုဟေး ကင်တားနား မြန်မာနိုင်ငံသို့ ပထမအကြိမ်လာရောက်ခဲ့သော ခရီးစဉ်အတွင်း ကိုဖြိုးဝေအောင် ကျန်းမာရေးအခြေအနေ ဆိုးရွားနေခြင်းနှင့်ပတ်သက်ပြီး မြန်မာအစိုးရတာဝန်ရှိသူများနှင့်   ဆွေးနွေးမှုများပြုလုပ်ခဲ့ပြီး ကိုဖြိုးဝေအောင်၏ ကျန်းမာရေးအခြေအနေကို စိုးရိမ်မိကြောင်းပြောဆိုခဲ့သည်
                      မစ္စတာကင်တားနားသည် ၂ဝ၁၂ ခုနှစ် ဇူလိုင် ၃ဝ ရက်နေ့၌ အင်းစိန်ထောင်သို့သွားရောက်၍ အကျဉ်းသားများ၏ အခြေအနေကိုကြည့်ရှုခဲ့ပြီး ကိုဖြိုးဝေအောင်နှင့်လည်း တွေ့ဆုံခဲ့သည်။ ထိုသို့တွေ့ဆုံပြီးနောက် နိုင်ငံတော် သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွတ်မြောက်လာခြင်းဖြစ်သည်။
                       ၂ဝ၁ဝ ခုနှစ် ဧပြီလတွင်ကျင်းပသည့် သင်္ကြန်ကာလ၌ မင်္ဂလာတောင်ညွန့်မြို့နယ် ကန်ပတ်လမ်းနှင့် ဦးအောင်မြင့်လမ်းထောင့်ရှိ X2O သင်္ကြန်ရေကစားမဏ္ဍပ်တွင် သင်္ကြန်အကြတ်နေ့ ဗုံးပေါက်ကွဲမှုကြောင့် လူ ဆယ်ဦး သေဆုံးခဲ့ရပြီး ၁၆ဝ ကျော် ဒဏ်ရာရှိခဲ့သည်။

Friday, 27 July 2012

ဗ.က.သ ကျောင်းသားများဦးဆောင်ပြီး မြောင်းမြတွင် လူငယ်အရည်အသွေးမြှင့်သင်တန်းဖွင့်လှစ်မည်


            မြန်မာနိုင်ငံရှိလူငယ်များ အသိပညာဗဟုသုတပြန့်ပွားစေရန် ဧရာဝတီတိုင်းဒေသကြီး မြောင်းမြမြို့တွင် လူငယ်အရည်သွေးမြှင့်သင်တန်းဖွင့်လှစ်ရန် စီးစဉ်ထားကြောင်း ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသား သမဂ္ဂများအဖွဲ့ချုပ်မှ တိုင်းရင်းသားရေးရာတာဝန်ခံ ကိုနန္ဒာစစ်အောင်က ပြောသည်။
            `ကျွန်တော်တို့ နိုင်ငံမှာရှိတဲ့လူငယ်တွေရဲ့ အရည်အသွေးကိုမြှင့်တင်ဖို့အတွက် ပညာရေးဖောင်ဒေးရှင်းတစ်ခုကို တည်ထောင်ဖို့စီစဉ်ထားတာရှိတယ် ကျွန်တော်တို့အစီအစဉ်တွေဆွဲထားတယ် အဲ့ဒီအစီအစဉ်ကို ကျွန်တော်တို့က မြောင်းမြမှာ ပထမဆုံးအနေနဲ့ လူငယ်အရည်အသွေးမြှင့်သင်တန်းဆိုပြီး ဖွင့်လှစ်သွားမှာပါ´ ဟု ကိုနန္ဒာစစ်အောင်က ပြောသည်။
            မြောင်မြတွင်ဖွင့်လှစ်မည့် လူငယ်အရည်အသွေးမြှင့်သင်တန်းတွင် မြန်မာနိုင်ငံ၏ပြောင်းလဲနေသော နိုင်ငံရေးစနစ်နှင့် တိုးတက်ပြောင်းလဲလာသော အိုင်တီနည်းပညာခေတ်ထဲတွင် မြန်မာနိုင်ငံသူ၊ နိုင်ငံသားများ နောက်ကျမကျန်ခဲ့စေရန် အင်တာနက်သုံးစွဲမှုနည်းပညာရပ်များအပြင် နိုင်ငံသူနိုင်ငံသားများအတွက် အကျိုးရှိနိုင်သော အခြားသော သင်ခန်းစာများကိုထည့်သွင်းသင်ကြားသွားမည်ဖြစ်ကြောင်း သိရသည်။
            ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်မှ တွဲဖက်အတွင်းရေးမှူး ကိုအောင်အောင်ကျော်က            `မြောင်းမြမှာဖွင့်မယ့် လူငယ်အရည်အသွေးမြှင့်သင်တန်းမှာ ကျွန်တော်အပါအ၀င် ကိုနန္ဒာစစ်အောင်၊ ကိုမင်းသွေးသစ်၊  ဘလောဂါ ကိုနေဘုန်းလတ်၊ ကိုလွင်ကိုလတ်နှင့် တခြားသော တက်ကျွမ်းသူတွေက သင်ကြားပေးသွားမှာဖြစ်ပြီး သမိုင်းဖြစ်စဉ်များ၊ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ နိုင်ငံရေးသိပ္ပံနှင့် အိုင်တီနည်းပညာပိုင်းဆိုင်ရာ တို့ကို သင်ကြားပေးသွားမှာပါ´ ဟုဆိုသည်။
            မြောင်းမြမြို့တွင်ဖွင့်လှစ်မည့် လူငယ်အရည်အသွေးမြှင့်တင်ရေးသင်တန်းကို အသက် ၁၆ နှစ်မှ ၃၅ နှစ်ကြား လူငယ်များတက်ရောက်နိုင်ပြီး သင်ကြားမည့်မှုပုံစံသည် ဆရာနှင့် တပည့်များကဲ့သို့ တစ်ဖက်တည်းသွားသည့် သင်ကြားမှုပုံစံမျိုးမဟုတ်ပဲ နှစ်ဦးနှစ်ဖက် မိမိတက်ကျွမ်းထားသည်များကို အသိပညာဖြန့်ဝေသည့်ပုံစံမျိုး ဆွေးနွေးသင်ကြားသွားမည်ဖြစ်ကြောင်း သိရသည်။
            `သင်တန်းဖွင့်လှစ်ရတဲ့ရည်ရွယ်ချက်ကတော့ မြန်မာ့နိုင်ငံရေးဖြစ်ပေါ်ပြောင်းလဲမှုတွေမှာ လူငယ်တွေက မိမိတို့နဲ့မသက်ဆိုင်ဟု ဆိုယူဆနေခြင်းကို ကျွန်တော်တို့က နိုင်ငံရေးလုပ်ငန်းစဉ်တွင် လူတိုင်းသည်မိမိနှင့် သက်ဆိုင်ကြောင်းကို သိရှိသွားစေရန်နှင့် သမိုင်းကဖြစ်စဉ်များကိုသိရှိနားလည်နိုင်စေရန် ဖြစ်သည် ´ ကိုအောင်အောင်ကျော်က ဆက်လက်ပြောကြားသည်။
            ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်မှ ခေါင်းဆောင်များ သင်တန်းဖွင့်လှစ်ရာတွင်ပါဝင်ခြင်းမှာ ယခုအကြိမ်သည် ပထမဆုံးအကြိမ်ဖြစ်ပြီး မြောင်းမြမြို့တွင်ဖွင့်လှစ်မည့်သင်တန်းသို့ ဧရာဝတီတိုင်းဒေသကြီးမှ တက်ရောက်ရန် စာရင်းပေးထားသူ ၁၀၀ ရာကျော်ရှိပြီး သင်တန်းကာလကို ၁၂ ရက်သတ်မှတ်ထားပြီး တစ်ရက်လျှင် ၆ နာရီကြာသင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
            ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂအဖွဲ့ဝင်များသည် မြောင်းမြမြို့တွင်ဖွင့်လှစ်မည့် သင်တန်းအပြီးတွင် မန္တလေးမြို့တွင်ကျင်းပမည့် ရှစ်လေးလုံးနှစ်ပတ်လည်အခမ်းအနားသို့တက်ရောက်ရန် စီစဉ်ထားကြောင်းသိရသည်။

Thursday, 26 July 2012

မလေးရှားရောက် ရခိုင် ၂ ဦးအသတ်ခံရ

                မလေးရှားနိုင်ငံတွင် ရခိုင်အမျိုးသား (၂) ဦး ဇူလိုင်လ ၂၁ ရက်နေ့က အသတ်ခံခဲ့ရသည်ဟု သိရသည်။ အသတ်ခံရသူ (၂) ဦးမှာ ပေါက်တောမြို့နယ် ကျိုင်းတောင်ရွာမှ အဖ ဦးမောင်မောင်ချေ၊ အမိ ဒေါ်သောင်းစိန်ဦးတို့၏ သား ကိုစိုးနိုင် (အသက် ၃၈နှစ်) နှင့် မောင်တောမြို့နယ် ဗောဓိကုန်းကျေးရွာမှ ဦးကျော်သိန်း (ခ) မောင်စောအောင် (အသက် ၃၆)နှစ်တို့ ဖြစ်သည်။
               “ သူတို့နှစ်ယောက်ဟာ ၁၈ ရက်နေ့က အလုပ်တခု အတွက် အင်တာဗျူးဖို့သွားတယ်လို့    ပြောပါတယ်။ အဲဒီ နေ့ကပင် ပြန်မရောက်ပါ။ ညနေမှာ သူတို့ကို ဖုန်းဆက်တယ်။ ဖုန်းက ရိန်းပေမယ့် ကိုင်သူ မရှိဘူးလို့ ပြောပါ တယ်။ နောက် ၃ရက်လောက် အကြာ ဇူလိုင်လ ၂၁ ရက်နေ့က ကာဂျမ်းမြို့နယ် အူလာလာငန်းမှာ တရုတ် တစ်ယောက်က အလောင်းနှစ်လောင်းတွေ့တယ်ဆိုပြီး ရဲကို တိုင်ပါတယ်။ ရဲက သွားယူပြီး ၂၃ ရက်နေ့မှာ ရဲက ARRC ရုံးကို ဖုန်းဆက်တယ်။ ၂၄ ရက်နေ့မှာ ရုံးက တာဝန်ရှိသူတွေ သွားကြည့်တော့ သူတို့နှစ်ဦး ဖြစ်နေ တယ်” ဟု ရခိုင်အရေးကို ဆောင်ရွက်နေသူ ကိုမင်းအောင်နိုင်က ပြောသည်။
               သူတို့နှစ်ဦး၏ အလောင်းအား မလေးရှားနိုင်ငံ ULU LUNGAT ANPANG TOWNSHIP   မြို့နယ်တွင် ဇူလိုင်လ ၂၁ ရက် နေ့က တွေ့ရှိခြင်းဖြစ်သည်။ အမည်မသိ လူအုပ်စု တစ်စု တစ်ခုမှ သတ်ဖြတ်သွားခြင်း ဖြစ်နိုင်ကြောင်း သူက ဆက်ပြောသည်။ “ သေဆုံးသွားသူနှစ်ဦးသည် ရခိုင်ကို ဦးတည်တိုက်ခိုက်နေတဲ့ အဖွဲ့တဖွဲ့၏ လက်ချက် ဖြစ်နိုင်တယ်လို့ အားလုံးက ယုံကြည် နေကြပါတယ်။ အမှုနဲ့ ပတ်သက်ပြီးတော့လည်း တရားခံတွေကို ARRC တာ ၀န်ရှိသူများက လိုက်လံ စုံစမ်းနေကြပါတယ်” ဟု ပြောသည်။ မလေးရှားနိုင်ငံတွင် ယခုကဲ့သို့ ရခိုင်အမျိုးသားများ မကြာခဏ သတ်ဖြတ်ခံနေကြရသဖြင့် မလေးရှားတွင် ရောက်ရှိနေသော ရခိုင် လူမျိုးများအတွက် ရှေ့ကိုလည်း အန္တရာယ် ဖြစ်နိုင်သည်ဟု ကိုမင်းအောင်နိုင်က ပြောသည်။ “ ဒီလို ပုံစံမျိုးနဲ့ဆိုရင် ကျွန်တော်တို့ ရခိုင်တွေဟာ ရှေ့ကိုလည်း အန္တရာယ်ရှိတယ်လို့ ယူဆလို့ရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့ ဒီနှစ်ယောက် မတိုင်ခင်ကလည်း ဒီလို အသတ်ခံရတာတွေ ရှိခဲ့ပါတယ်” ဟု ပြောသည်။
                    ယခု သေဆုံးသူ ကိုစိုးနိုင်တွင် ညီအစ်ကိုမောင်နှမ ၆ ယောက်ရှိသည့်အနက် ၄ ယောက်မြောက် သားဖြစ်ပြီး၊ ဦင်္း ကျော်သိန်းတွင် သားနှစ်ယောက်နှင့် သမီးတစ်ယောက် ကျန်ခဲ့သည်ဟု သိရသည်။

ရခိုင်သတင်းဌာနတစ်ခုမှကူးယူဖော်ပြသည်။ 
 အဆိုပါဖြစ်ရပ်နှင့်ပတ်သက်ပြီး နိုင်ငံတော်သမ္မတရုံးအကြီးတန်းအရာရှိတစ်ဦး၏ ဖေ့ဘုတ်တွင် ပြည်ပရောက်မြန်မာနိုင်ငံသားများ သတိနှင့်သွားလာနေထိုင်ကြရန် အကြံပြုထားသည်ကို တွေ့ရသည်။

Friday, 20 July 2012

ပြည်သူ့လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်းဧ။် သမီး ဖြစ်သူ ဟန် အရောင်ဆောင် လိမ်လည် သူ ဒေါက်တာရွှေမန်းကိုကို အား အဓိက ကြိုးကိုင်ပြီး( long life) အဖွဲ့ ဦးဆောင်သူဟု ယူစရသော ရဲအောင် နှင့် အပေါင်းပါ လွတ်မြောက်နေစဲ ဖြစ်ကြောင်းသိရ

ပြည်သူ့လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်းဧ။် သမီးဖြစ်သူ အဖြစ် ဟန်ဆောင်လိမ်လည်နေသူ အမျိုးသမီးငယ်တစ်ဦးအား ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ ဖမ်းဆီးရမိထားသော်လည်း အဆိုပါလိမ်လည်မှုများအား အဓိက ကြိုးကိုင်လှုပ်ရှားသူ ရဲအောင်(ခ)ရဲဇော်အောင် နှင့် အပေါင်းအပါများ လွတ်မြောက်နေစဲ   ဖြစ်ကြောင်းသိရသည်။ ရွှေမန်းကိုကို ဟု လိမ်လည်နေခဲ့သော မ {ရွှေမန်းကိုကို (ခ)မြင့်သူဇာခိုင်(ခ)ငယ်လေး}အား ကမာရွတ်ရဲစခန်းမှာ (ပ)၂၇၃၊၁၂ သွင်းကုန်ထုတ်ကုန် အက်ဥပဒေ ပုဒ်မ ၅(၁) ၅(၃) ဖြင့်၎င်း နိုင်ငံသားစီစစ်ရေးကဒ်ပြား အတုပြုလုပ်မှု (ပ) ၂၇၁ ၊၁၂ ပုဒ်မ ပုဒ်မ၄၂၀၊၄၆၈ တို့ဖြင့် ဇူလိုင်လ (၄) ရက်နေ့တို့တွင် အမှုဖွင့် စစ်ဆေးလျှက်ရှိကြောင်းသိရသည်။ သူရဦးရွှေမန်းဧ။် သားသမီးဖြစ် အရောင်ဆောင်၍ လိမ်လည်မှုများတွင် ဒေါက်တာ ရွှေမန်းကိုကို ဟုအရောင်ဆောင်မှုမှာ တစ်ချို့နေရာများတွင် သားဖြစ်သူဟန်ဆောင် ပြီး တစ်ချို့နေရာများတွင် သမီးဖြစ် ဟန်ဆောင်လေ့ရှိကြောင်း အဆိုပါကဲ့သို့လိမ်လည်မှုများမှာ လွန်ခဲ့သောနှစ်အနည်းခန့်ကပင်လိမ်မှုခံခဲ့ရသူများရှိခဲကြောင်း အလိမ်ခံခဲ့ရသူ အချို့ထံမှ စုံစမ်းသိရသည်။ အဆိုပါ လိမ်လည်မှုများအား အဓိကဦးဆောင်သူ ရဲအောင်(ခ) ရဲဇော်အောင် မှာ၎င်းတို့အဖွဲ့အား( long life) ဟု အမည်ပေးထားပြီး ၄င်းကိုယ်တိုင်ပင် သူရဦးရွှေမန်း ဧ။် သားဖြစ်ဟန် အရောင်ဆောင်၍ လိမ်လည်မှုများ ရှိခဲ့ကြောင်းသိရသည်။ ရွှေမန်းကိုကို ဟူ၍ အရောင်ဆောင်လိမ်လည်မှုများ တွင် ပါဝင်ခဲ့သူများ တွင် {ရွှေမန်းကိုကို(ခ)မြင့်သူဇာခိုင် သာဖမ်းမိထားပြီး ကျန်ရှိသူများ လွတ်မြောက်နေစဲ ဖြစ်ကြောင်းသိရသည်။

 The Street View Journal မှကူးယူဖော်ပြသည်။

Thursday, 19 July 2012

အစိုးရတာဝန်ရှိသူများနှင့် KIO မှတာဝန်ရှိသူများ စတုတ္ထအကြိမ်မြောက် အလွတ်သဘော တွေ့ဆုံဆွေးနွေးရန် သဘာတူညီချက်မရရှိသေး

မြန်မာအစိုးရငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့မှ တာဝန်ရှိသူများနှင့် KIO ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့မှ တာဝန်ရှိသူများ စတုတ္ထအကြိမ်အဖြစ် အလွတ်သဘောတွေ့ဆုံဆွေးနွေးရန် ဇူလိုင် ၁၉ ရက်နေ့ထိ သဘောတူညီချက် မရရှိသေးကြောင်း KIO ဘက်မှငြိမ်းချမ်းရေးအကျိုးတော်ဆောင် ဦးလမိုင်ဂွမ်ဂျာက ပြောကြားသည်။ ဦးလမိုင်ဂွမ်ဂျာက `မြန်မာအစိုးရငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့က တာဝန်ရှိသူတွေနဲ့ KIO ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့က တာဝန်ရှိသူတွေ စတုတ္ထအကြိမ်မြောက် တွေ့ဆုံဆွေးနွေးရန် သဘောတူညီချက် မရရှိသေးခြင်းမှာ တွေ့ဆုံဆွေးနွေးမည့်နေရာအား နှစ်ဦးနှစ်ဖက် ညှိနှိုင်းနေဆဲဖြစ်ပြီး မြန်မာအစိုးရဘက်မှ တင်ပြသည့် ဗန်းမော်နဲ့ မူဆယ်ကို KIO ဘက်ကတာဝန်ရှိသူတွေက သဘောမတူသကဲ့သို့ KIO ဘက်မှတင်ပြသည့် ဂန်ဝမ်ရွာကိုလည်း မြန်မာအစိုးရ တာဝန်ရှိသူတွေက သဘောမတူသဖြင့် တွေ့ဆုံဆွေးနွေးမဲ့နေ့ကို သတ်မှတ်နိုင်ခြင်းမရှိသေးတာပါ´ ဟု ပြောကြားသည်။ ဦးအောင်မင်း ခေါင်းဆောင်သော မြန်မာအစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့မှ တာဝန်ရှိသူများနှင့် KIO ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့မှ တာဝန်ရှိသူများ အလွတ်သဘောကြိုတင် တွေ့ဆုံဆွေးနွေးခဲ့သော သုံးကြိမ်စလုံးသည် ပွင့်လင်းမြင်သာမှုရှိပြီး နှစ်ဦးနှစ်ဖက်ပွင့်ပွင့်လင်းလင်း ဆွေးနွေးခဲ့သောကြောင့် တွေ့ဆုံဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သူများ အားရကျေနပ်မှုရှိကြောင်း သိရသည်။ တတိယအကြိမ်မြောက် တွေ့ဆုံဆွေးနွေးမှုများပြုလုပ်ခဲ့ပြီးနောက်ပိုင်း မြန်မာအစိုးရတပ်မတော်နှင့် KIA တပ်မတော်တို့အကြား တိုက်ပွဲငယ်ပေါင်း ၁၀၀ ကျော်ဖြစ်ပွားခဲ့သဖြင့် နှစ်ဖက်သော ငြိမ်းချမ်းရေးဖော်ဆောင်ရေး အဖွဲ့မှတာဝန်ရှိသူများ စတုတ္ထအကြိမ်ဆွေးနွေးမှုပြုလုပ်ရန် အပြင်းအထန် ညှိနှိုင်းနေရကြောင်း သိရသည်။

ညီညွတ်ခြင်းနှင်းဆီအငြိမ့်အား ကြည့်ရှုလိုသူများအတွက် လမ်းညွန်

ရန်ကုန်မြို့ အမျိုးသားကဇာတ်ရုံတွင် ရခိုင်ပြည်နယ်ဒေသ တိုင်းရင်းသားမိဘပြည်သူများ ပြန်လည်ဖွံ့ဖြိုးရေး ရံပုံငွေ ပဒေသာကပွဲ ညီညွတ်ခြင်းနှင်းဆီ အငြိမ့်အား အပေါ်ဘားပေါ်မှ Movie Page ထဲတွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။ အောက်ပါလင့်တွင်လည်းကြည့်ရှုနိုင်ပါသည်။ http://www.tootpee.co.cc/p/movie.html

Tuesday, 17 July 2012

ရှစ်လေးလုံးနှစ်ပတ်လည်အခမ်းအနား မန္တလေးမြို့တွင် ကျင်းပပြုလုပ်မည်

       ၈၈ မျိုးဆက်ကျောင်းသားများနှင့် ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂတို့ ပူးပေါင်းပြီး ရှစ်လေးလုံးနှစ်ပတ်လည် အခမ်းအနားကို မန္တလေးမြို့တွင်ကျင်းပပြုလုပ်ရန် စီစဉ်နေကြောင်း ဗ.က.သများအဖွဲ့မှ ကိုအောင်အောင်ကျော်က ပြောကြားသည်။
          မန္တလေးမြို့တွင် ရှစ်လေးလုံးနှစ်ပတ်လည်အခမ်းအနားကျင်းပရန် အစည်းအဝေးကို ယနေ့ (ဇူလိုင် ၁၆) ရက်နေ့တွင် မန္တလေးမြို့၌ ၈၈ မျိုးဆက်ကျောင်းသားများ၊ ဗ.က.သအဖွဲ့ဝင်များနှင့် မန္တလေးဒေသခံပြည်သူများ တက်ရောက်ခဲ့ဆွေးနွေးခဲ့ကြောင်း ၄င်းမှဆက်လက်ပြောကြားသည်။
          “ကျွန်တော်တို့ဒီနေ့လုပ်တဲ့အစည်းအဝေးကို ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့မှ ကိုမင်းကိုနိုင်၊ ကိုဗသက်အောင်၊ ကိုမျိုးအောင်နိုင်၊ ဗ.က.သများအဖွဲ့မှ ကိုနန္ဒာစစ်အောင်၊ ကိုမိုးထက်နေတို့ တက်ရောက်ခဲ့ကြပါတယ်၊ ကျွန်တော်တို့ ရှစ်လေးလုံးနှစ်ပတ်လည် အခမ်းအနား ကျင်းပဖို့စီစဉ်ရတဲ့ အကြောင်းအရင်းက နောက်ကြောင်းပြန်လှည့်ဖို့အတွက် လုပ်တဲ့သဘောမျိုး မဟုတ်ပါဘူး၊ ဒီမိုကရေစီ စနစ်ကိုသွားတဲ့အခါမှာ ကောင်းတဲ့သမိုင်းတွေကိုပဲမှတ်တမ်းတင်ထားပြီး မကောင်းတဲ့မှတ်တမ်းတွေကိုတော့ မေ့ထားလို့မရပါဘူး’’ ဟု ကိုအောင်အောင်ကျော်ကဆိုသည်။
          မန္တလေးမြို့တွင် ကျင်းပမည့် ရှစ်လေးလုံးနှစ်ပတ်လည် အခမ်းအနားတွင် ကျန်ရှိနေသော နိုင်ငံရေးအကျဉ်းသားများ အမြန်ဆုံးပြန်လည်လွှတ်ပေးရေး၊ ပြည်တွင်းငြိမ်းချမ်းရေး အမြန်ဆုံးရရှိရန် ဆောင်ရွက်ပေးရန်နှင့် မြန်မာနိုင်ငံ ဒီမိုကရေစီနေ့ကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ပြုလုပ်ပေးရန်ဆိုသည့် တောင်းဆိုမှု သုံးခုကို တာဝန်ရှိသူများထံ တင်ပြတောင်းဆိုသွားမည်ဖြစ်ကြောင်း သိရသည်။
          ရန်ကုန်မြို့တွင် ကျင်းပရန်စီစဉ်ခဲ့သည့် 7 July အခမ်းအနားအား တာဝန်ရှီသူများမှ တားဆီးမှုများရှိခဲ့ပြီး ဗ.က.သကျောင်းသား ခေါင်းဆောင်အချို့ကို ဂျူလိုင် ၆ ရက်နေ့ညတွင် တာဝန်ရှိသူများမှ ခေတ္တထိန်းသိမ်းခဲ့ကြပြီး ဂျူလိုင် ၇ ရက်နေ့ ညပိုင်းတွင် ပြန်လည်လွှတ်ပေးခဲ့သည်။

Friday, 13 July 2012

အလုပ်သမားအခွင့်အရေးစောင့်ကြည့်လေ့လာသူများ အစိုးရဘက်တွင် ထားရှိရန်လိုအပ်ဟု ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းပြော


            နိုင်ငံတော် အစိုးရဘက်မှ အလုပ်သမားအခွင့်အရေးစောင့်ကြည့်လေ့လာသူများ ထားရှိရန်လိုအပ်ကြောင်း ပြည်ထောင်စုဝန်ကြီးဦးစိုးသိန်းက ဇွန် ၃ ရက်နေ့တွင် ပြောကြားသည်။
            မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသော အလုပ်သမားဆန္ဒပြမှုများနှင့်ပတ်သက်ပြီး ပြုလုပ်သော ဆွေးနွေးပွဲတွင် အလုပ်ရှင်နှင့်အလုပ်သမားအဖွဲ့များ အမြန်ဆုံးဖွဲ့စည်းရန်လိုအပ်ပြီး နိုင်ငံတော် အစိုးရဘက်မှ အလုပ်သမား အခွင့်အရေးကိုကာကွယ်စောင့် စောင့်ကြည့်လေ့လာသူများ ထားရှိရန်လိုအပ်ကြောင်း ပြည်ထောင်စုဝန်ကြီးမှ ပြောကြားခဲ့သည်။
            “ အလုပ်ရှင်နဲ့အလုပ်သမားအဖွဲ့တွေအမြန်ဖွဲ့ပါ၊ ဖွဲ့ပြီးရင် အလုပ်ရှင်နဲ့အလုပ်သမားအမြန်ဆုံး ထိတွေ့ပါ၊ အဲ့ဒီကရလာတဲ့ သဘောတူညီချက်တွေကို ကျွန်တော်တို့က စောင့်ရှောင့်ပေးမယ်၊ ပြီးတော့ ကျွန်တော်တို့ဘက်က ဘာလုပ်ပေးရမလဲဆိုတော့ စောင့်ကြည့်လေ့လာရေးအဖွဲ့ဖွဲ့ပြီး အဲ့ကတာဝန်ရှိသူတွေက စည်းကမ်းဖောက်ဖျက်မှုတွေရှိလားဆိုတာ စောင့်ကြည့်ရမယ်” ဟု ဦးစိုးသိန်းမှ သူ၏အမြင်ကို အကြံပြု ပြောကြားသည်။
            ဝန်ကြီးဦးအောင်ကြည်အနေဖြင့် အလုပ်သမားအခွင့်ရေးစောင့်ကြည့်လေ့လာသူများ ထားရှိကာ အလုပ်သမားအခွင့်အရေးအပြည့်အဝရရှိရန်လုပ်ဆောင်ပေးရန်လိုအပ်ပြီး လုပ်ငန်းရှင်များဘက်မှ အကျိုးအမြတ်ကို ပွင့်လင်းမြင်သာစွာဖြင့် ရှင်းလင်းပြောကြားပြီး အလုပ်သမားများကို မိမိနှင့် စီးပွားဖက်ပုံစံဖြင့် ဆက်ဆံသွားရန်လိုအပ်ကြောင်း ဆက်လက်ပြောကြားသည်။

Thursday, 28 June 2012

ဒေါက်တာစင်သီတာမောင်၏ ဆေးခန်းအား တရားဝင်ဖြစ်ရန် ကူညီဆောင်ရွက်ပေးမည်ဟု ဦးအောင်မင်း ပြောကြား


            ဦးအောင်မင်းခေါင်းဆောင်သော ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့ဝင်များ ထိုင်းနိုင်ငံ မဲဆောက်မြို့တွင် မယ်တော်ဆေးခန်းဖွင့်လှစ်ထားသော ဒေါက်တာစင်သီတာမောင်နှင့်တွေ့ဆုံစဉ် ဆေးခန်းအား တရားဝင်ဖြစ်ရန် ကူညီဆောင်ရွက်ပေးသွားမည်ဟု ဇွန် ၂၆  နေ့လည် ၁၂ နာရီအချိန်က Wattana Village Resort Hotel တွင်ပြောကြားံခဲ့ကြောင်း သိရသည်။
            ဒေါက်တာစင်သီတာမောင်နှင့်အဖွဲ့က နယ်စပ်ဒေသရှိ ကျန်းမာရေး၊ ပညာရေးနှင့် လှုမှုရေး ကိစ္စရပ်များကို တင်ပြခဲ့ပြီး အစိုးရကိုယ်စားလှယ်များဖြစ်ကြသော ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးအောင်မင်းနှင့် ဦးခင်ရီတို့မှ ပြန်လည်ဆွေးနွေးခဲ့ကြောင်းသိရသည်။
            “နယ်စပ်တွင်ရှိသော ကလေးအခွင့်အရေးအဖွဲ့အစည်းများ၊ ကျန်းမာရေးနှင့် ပညာရေးကိစ္စရပ်များကို တင်ပြခဲ့ပြီး ထိုင်းနိုင်ငံတွင်းရှိ လူမှုရေးအခြေခံအဖွဲ့အစည်းများနှင့် ပြည်တွင်းရှိအဖွဲ့များ ယခုထက်ပိုပြီး ပူးပေါင်းလုပ်ဆောင်နိုင်ရန် ဆောင်ရွက်သွားမည်ဟု”  ဒေါက်တာစင်သီတာမောင်က သတင်းထောက်များအား ပြောကြားခဲ့သည်။
            ပြည်ထောင်စုဝန်ကြီးဦးအောင်မင်းက လိုအပ်သောအကူအညီများကို ကူညီသွားမည်ဖြစ်ပြီး မယ်တော်ဆေးခန်းကိုလည်း တရားဝင်ဖြစ်အောင် ကြိုးပမ်းပေးသွားမည်ဖြစ်ပြီး မဲဆောက်မြို့ရှိ မြန်မာနိုင်ငံသားများအတွက် ကြီးမားသည့်အခက်အခဲများကို  ဆောင်ရွက်ပေးနေသည့်အတွက် ကျေးဇူးတင်ကြောင်း ဒေါက်တာစင်သီတာမောင်ကို ပြောကြားခဲ့သည်။
            ထို့နောက် ဇွန် ၂၇ ရက်နေ့ မနက်တွင် မဲဆောက်မြို့တွင် ဖွင့်လှစ်ထားသော ဒေါက်တာစင်သီတာမောင် ၏ မယ်တော်ဆေးခန်းသို့ ဦးအောင်မင်းနှင့်အဖွဲ့မှ သွားရောက်လေ့လာခဲ့ပြီး ပြည်ထောင်စုဝန်ကြီးဦးအောင်မင်းမှ အလှူငွေ ထိုင်းဘတ် တစ်သိန်းငါးသောင်းနှင့် လက်ဆောင်ပစ္စည်းများပေးအပ်ခဲ့ပြီး ပြည်ထောင်စုဝန်ကြီး ဦးခင်ရီမှ အတွင်းလူနာဌာနရှိကလေးလူနာများအား အလှူငွေများပေးအပ်ခဲ့ကြောင်း သိရသည်။
            ဦးအောင်မင်းဦးဆောင်သော ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့၏ မဲဆောက်ခရီးစဉ်တွင် ဒေါက်တာ စင်သီတာမောင်အား တွေဆုံဆွေးနွေးခဲ့သကဲသို့ ကရင်အမျိုးသားအစည်းအရုံး (KNU) ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့မှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF)မှ တာဝန်ရှိသူများနှင့်လည်း တွေ့ဆုံခဲ့သည်။

ဝန်ကြီးဦးအောင်မင်းနှင့် KNU တာဝန်ရှိသူများ ထိုင်းနိုင်ငံတွင် အလွတ်သဘောတွေ့ဆုံ


            ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းခေါင်းဆောင်သော ငြိမ်းချမ်းရေး ဆွေးနွေးရေးအဖွဲ့နှင့် KNU အတွင်းရေးမှူး ဒေါ်နော်စီဖိုးရာစိန်ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့တို့ ထိုင်းနိုင်ငံမဲဆောက်မြို့ Wattana Village Resort Hotel တွင် ဇွန် ၂၆ ရက်ညနေပိုင်းက တွေ့ဆုံဆွေးနွေးခဲ့ကြောင်း ကရင်သတင်းဌာန တစ်ခုတွင် ဖော်ပြထားသည်။
            မဲဆောက်မြို့တွင်တွေ့ဆုံခဲ့သော ဆွေးနွေးပွဲတွင် မြန်မာအစိုးရနှင့် KNU အဖွဲ့တို့ ပဏာမငြိမ်းချမ်းရေး လက်မှတ်ရေးထိုးခဲ့ပြီးနောက်ပိုင်းဖွင့်လှစ်ထားသည့် ဆက်ဆံရေးရုံးများနှင့် KNU ဒေသတွင်းမြေယာသိမ်းဆည်းခံထားရမှုများနှင့်ပတ်သက်သည့် ကိစ္စရပ်များကို ဇွန် ၂၆ ညနေ ၃ နာရီမှ ၅နာရီထိ မဲဆောက်မြို့ တွင်ဆွေးနွေးခဲ့ကြောင်း ဒေါ်နော်စီဖိုးရာစိန်မှ ပြောကြားခဲ့သည်။
            အဆိုပါဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းမှ KNU ဒေသတွင်း နယ်မြေများမှ ပြည်သူများ အခက်အခဲများရှိပါက ဆက်ဆံရေးရုံးများသို့ သွားရောက်တိုင်ကြားဆွေးနွေးနိုင်ကြောင်း ပြောကြားခဲ့သည်ဟု သိရသည်။
            ဇွန် ၂၆ ရက်နေ့က ပြုလုပ်ခဲ့သော ဆွေးနွေးပွဲတွင် စစ်ရေးနှင့်ပတ်သက်သည့် ကိစ္စရပ်များကို နှစ်ဦးနှစ်ဖက်ဆွေးနွေးခြင်းမရှိခဲ့ဘဲ အဆိုပါဆွေးနွေးပွဲသို့ KNU ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့မှ ၆ ဦးနှင့် ဦးအောင်မင်းခေါင်းဆောင်သော အစိုးရငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့မှ ၉ ဦးတက်ရောက်ခဲ့ပြီး ယခုဆွေးနွေးပွဲသည် ထာဝရငြိမ်းချမ်းရေးဆွေးနွေးပွဲများအတွက် အကျိုးရှိကြောင်း ဒေါ်နော်စီဖိုးရာစိန်မှ ဆက်လက်ပြောကြားခဲ့သည်။
            အစိုးရငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့မှ တာဝန်ရှိသူများနှင့် KNU ငြိမ်းချမ်းရေးဖော်ဆောင်ရေး အဖွဲမှ တာဝန်ရှိသူများသည် ပြီးခဲ့သည့်ဧပြီလက ရန်ကုန်မြို့ Sedona Hotel တွင် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲကျင်းပခဲ့ပြီးအချက် ၁၃ ခုကို နှစ်ဦးနှစ်ဖက်သဘောတူ လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။

Monday, 11 June 2012

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတဦးသိန်းစိန် ပြည်သူလူထုသို့ ပြောကြားသည့်မိန့်ခွန်း

နေပြည်တော် ဇွန် ၁၀
ချစ်ခင်လေးစားအပ်ပါသော မိဘပြည်သူများခင်ဗျား
          မိဘပြည်သူများနဲ့ ညီအစ်ကိုမောင်နှမအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာစေကြောင်း ဆုမွန်ကောင်းတောင်းရင်း နှုတ်ခွန်းဆက်သအပ်ပါတယ်။
          မိဘပြည်သူများသိရှိပြီးဖြစ်တဲ့အတိုင်း ၂၀၁၂ ခုနှစ် မေလ ၂၈ ရက်က ဖြစ်ပွားခဲ့တဲ့ ရခိုင်ပြည်နယ်၊ ကျောက်နီမော် ဖြစ်စဉ်ကိုအခြေခံပြီး ရခိုင်ပြည်နယ်အတွင်း မတည်ငြိမ်မှုများ၊ အကြမ်းဖက်မှုများ ပိုမိုကျယ်ပြန့်စွာဖြစ်ပွားလာပါတယ်။ ဒါ့ကြောင့် ဒီအခြေအနေဟာ ဘာသာရေး အဖွဲ့အစည်းများ၊ ဘာသာရေးခေါင်းဆောင်များ၊ နိုင်ငံရေးပါတီများအပါအဝင် ကျွန်တော်တို့အားလုံး စည်းစည်းလုံးလုံးနဲ့ သတိပြုပြီး ဝိုင်းဝန်းထိန်းသိမ်း ဆောင်ရွက်ကြရမယ့် အနေအထား  ရောက်ရှိလာတာကို တွေ့ရပါတယ်။

မိဘပြည်သူများခင်ဗျား
          ကျွန်တော်ဦးဆောင်တဲ့ ပြည်ထောင်စုအစိုးရအဖွဲ့အနေနဲ့ နိုင်ငံတော်ရဲ့ အုပ်ချုပ်ရေး တာဝန်များကို တာဝန်ယူခဲ့ချိန်မှစတင်ပြီး မိဘပြည်သူများရဲ့ အဓိကလိုအင်ဆန်ဒ (၂) ရပ် ဖြစ်တဲ့ တည်ငြိမ်အေးချမ်းရေးနဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေး၊ တစ်နည်းအားဖြင့် ပြည်သူများရဲ့ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးကို အဓိကထားပြီး နိုင်ငံရေးနဲ့စီးပွားရေး ပြုပြင် ပြောင်းလဲမှုတွေကို အရှိန်အဟုန်နဲ့ တစ်စိုက်မတ်မတ်   ဆောင်ရွက်ခဲ့ပါတယ်။ လက်ရှိ အချိန်မှာလည်း ပြည်သူလူထုကို အခြေပြုတဲ့ ပြုပြင်ပြောင်းလဲရေး မဟာဗျူဟာကို ဒုတိယ အဆင့် တက်လှမ်းပြီးတော့ ကြိုးပမ်းဆောင်ရွက်နေပြီဖြစ်ပါတယ်။
          ကျွန်တော်တို့ မြန်မာနိုင်ငံဟာ ရှေးအစဉ်အဆက်ကပင် ကွဲပြားတဲ့ ဘာသာရေး ကိုးကွယ်ယုံကြည်မှုတွေ ရှိခဲ့ပေမယ့်လည်း မြန်မာနိုင်ငံအတွင်း အချင်းချင်းအပြန်အလှန် လေးစားမှု ချစ်ကြည်ရင်းနှီးမှုများနဲ့   အတူတကွ ယှဉ်တွဲနေထိုင်လာခဲ့ကြတဲ့ အစဉ်အလာ ကောင်းတဲ့ သမိုင်းကြောင်း ရှိခဲ့ပြီးဖြစ် ပါတယ်။
          ကျွန်တော်တို့အစိုးရလက်ထက်မှာ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၊ လွတ်လပ်စွာ ဖွဲ့စည်းခွင့်၊ လွတ်လပ်စွာ ကိုးကွယ်ယုံကြည်ခွင့် အစရှိတဲ့ နိုင်ငံသားများရဲ့ မူလ အခွင့်အရေးများကို   ဖွဲ့စည်းပုံအခြေခံ ဥပဒေနဲ့အညီ  ခံစားရရှိနိုင်ကြစေရန်အတွက်  ဥပဒေ၊ နည်းဥပဒေတွေကို  ပြင်ဆင်ဖြည့်စွက် အသစ်ပြဌာန်းပြီး  အကောင်အထည် ဖော်ဆောင်ရွက်ပေးလျက်ရှိပါတယ်။ မိဘပြည်သူများရဲ့ အခက်အခဲများ၊ ပြဿနာများ၊ လိုလားချက်များကို အသင့်မြတ်ဆုံးနဲ့ အတတ်နိုင်ဆုံးဖြစ်အောင်   ဖြေရှင်းဆောင်ရွက်ပေးဖို့ ကျွန်တော်တို့ အစိုးရမှာ အပြည့်အဝတာဝန်ရှိတယ်လို့ ကျွန်တော်တို့ခံယူထားပါတယ်။
          ကျွန်တော်တို့အစိုးရအနေနဲ့လည်း ရခိုင်ပြည်နယ်အတွင်း မတည်ငြိမ်မှု အကြမ်းဖက်မှု များ ဖြစ်ပွားလာတဲ့အချိန်ကစပြီး ဖြစ်ပွားရာနေရာများမှာ ချက်ခြင်းတည်ငြိမ် အေးချမ်းသွားအောင် ကြိုးပမ်းဆောင်ရွက်ခဲ့ပါတယ်။ အလားတူ အခြားဆက်စပ်ဖြစ်ပွား နိုင်ဖွယ် ရှိသော နေရာများတွင်လည်း  ဆက်စပ် ဖြစ်ပွားလာခြင်းမရှိအောင်၊ ဖြစ်ခဲ့ပါကလည်း ဖြစ်စတွင်ပင် ပြီးပြေအေးငြိမ်းသွားအောင် ကြိုတင်ပြင်ဆင်စီမံမှုအတိုင်း လက်တွေ့ ဆောင်ရွက် ခဲ့ပါတယ်။ ဖြစ်စဉ်များနဲ့   ဆောင်ရွက်မှု အခြေအနေများ၊ ထိခိုက်ဆုံးရှုံးမှု အခြေအနေ များကိုလည်း မိဘပြည်သူများအား အချိန်နဲ့တပြေးညီ ချပြအသိပေးလျက်ရှိပါတယ်။ ကျွန်တော့်အနေနဲ့လည်း ဒီဖြစ်စဉ်များဖြစ်ပွားစကပင် မိဘပြည်သူများထံ အခြေအနေ အရပ်ရပ်ကို ရှင်းလင်းပြောကြားဖို့ စီစဉ်ခဲ့သော်လည်း အခြေအနေ အရပ်ရပ်ကျယ်ပြန့် လာခြင်း မရှိနိုင်ဘူးလို့ ယူဆတဲ့အတွက်လည်းကောင်း၊ မိဘပြည်သူများ စိတ်သောက မဖြစ်စေလိုတဲ့ အတွက်လည်းကောင်း ယခင်က ရှင်းလင်းပြောကြားမှုမပြုခဲ့ခြင်းဖြစ်ပါတယ်။
          သို့သော်လည်း ဇွန်လ ၉ ရက်နေ့ညက စစ်တွေမြို့မှာ အကြမ်းဖက် ဆောင်ရွက်မှုများ၊ အကြမ်းဖက်ရန်ပြင်ဆင်ကြိုးပမ်းမှုများ ထပ်မံဖြစ်ပေါ်ခဲ့တဲ့ အတွက် ဥပဒေနဲ့အညီ ထိန်းသိမ်း ကာကွယ်မှုများ ဆောင်ရွက်ခဲ့ရပြန်ပါတယ်။ ဒီအခြေအနေများအရ မိဘပြည်သူများကပါ သိရှိပါဝင်ပူးပေါင်းဆောင်ရွက်ဖို့ လိုအပ်လာပြီလို့ယူဆတဲ့အတွက် ယနေ့ မိဘပြည်သူများကို ယခုလိုရှင်းလင်း ပြောကြားခြင်းဖြစ်ပါတယ်။

မိဘပြည်သူများခင်ဗျား
          လက်ရှိရခိုင်ပြည်နယ်အတွင်းမှာဖြစ်ပေါ်နေတဲ့ ဖြစ်စဉ်များဟာ ဘာသာရေးနဲ့ လူမျိုးရေးကို အခြေခံပြီး မကျေနပ်မှု၊ မုန်းတီးမှု၊ လက်စားချေလိုမှုတွေကို ရှေ့တန်းတင် လှုံ့ဆော်ဆောင်ရွက်မှုများကြောင့် မင်းမဲ့စရိုက်လုပ်ရပ်များ ကျယ်ပြန်ကြီးမားလာတာ ဖြစ်ကြောင်း တွေ့ရှိ ရပါတယ်။ ဒီလို လူမျိုးစွဲ ဘာသာစွဲ တွေကို ရှေ့တန်းတင်ပြီး မဆုံးနိုင်တဲ့မုန်းတီးမှုတွေ လက်စားချေလိုမှုတွေနဲ့ မင်းမဲ့စရိုက်တွေကို ရှေ့တန်းတင်လျက်၊ တစ်ဖက်နဲ့တစ်ဖက် အပြန်အလှန် အကြမ်းဖက် သတ်ဖြတ်နေကြမယ်ဆိုရင် ရခိုင် ပြည်နယ်တွင်သာမက ပိုမို ကျယ်ပြန့် ဖြစ်ပွားလာစေနိုင်တဲ့ အန်တရာယ်ရှိပါတယ်။ အခြားသော အမှောင့် ပယောဂများလည်း ပါဝင်ပူးကပ်လာနိုင်ပါတယ်။ ဒီလိုသာဖြစ်လာခဲ့ရင် အသွင်ကူးပြောင်းစသာရှိသေးတဲ့ ကျွန်တော်တို့နိုင်ငံရဲ့ တည်ငြိမ်အေးချမ်းရေး၊ ဒီမိုကရေစီ ဖော်ဆောင်ရေးနဲ့ နိုင်ငံဖွံ့ဖြိုး တိုးတက်ရေးအပေါ် ပြင်းပြင်းထန်ထန် ထိခိုက်ဆုံးရှုံးမှု   ဖြစ်ပေါ်လာစေနိုင်တာကို မိဘပြည်သူများအားလုံး အထူး သတိထားကြစေချင်ပါတယ်။
          ကျွန်တော်တို့အစိုးရအနေဖြင့် ဖြစ်ခဲ့ပြီးတဲ့ ကိစ္စရပ်တွေအပေါ်မှာ ဥပဒေနဲ့အညီ   ဖြေရှင်းဆောင်ရွက်သွားမှာဖြစ်သလို ဒီလိုဖြစ်စဉ် ဖြစ်ရပ်မျိုးတွေ နောက်ထပ် မဖြစ်ပွားရအောင်လည်း တည်ဆဲဥပဒေ စည်းမျဉ်းစည်းကမ်းများနဲ့အညီ စနစ်တကျ ထိန်းသိမ်း ဆောင်ရွက် သွားပါမယ်။ ဒီဖြစ်စဉ်များမှာ နစ်နာဆုံးရှုံးခဲ့ကြရတဲ့သူများအတွက်လည်း တရားမျှတမှုရှိအောင် အလေးထားဆောင်ရွက် ပေးသွားမှာဖြစ်တဲ့အတွက် အားလုံးက သဘောထားကြီးကြီးထားပြီး အစစအရာရာ နားလည်ပေးကြဖို့ ပြောကြားလိုပါတယ်။ ဆက်လက်ပြီး ကျွန်တော်တို့အစိုးရအနေနဲ့ တရားဥပဒေစိုးမိုးမှု ရရှိအောင်လည်း အလေးထား ဆောင်ရွက်သွားမှာဖြစ်ကြောင်း ပြောကြားလိုပါတယ်။
          ထို့အတူ ဘာသာရေးအဖွဲ့အစည်းများနဲ့ ဘာသာရေးခေါင်းဆောင်များ၊ နိုင်ငံရေး ပါတီများ၊ လူထုလူတန်းစားအဖွဲ့အစည်းများ၊ မြို့မိမြို့ဖ၊ ရပ်မိရပ်ဖ ပြည်သူများနဲ့လည်း ပူးပေါင်းပြီး   ဖြေရှင်းဆောင်ရွက်လျက်ရှိပါတယ်။

          မိဘပြည်သူများခင်ဗျား
        ကျွန်တော်တို့အားလုံး မျှော်မှန်းတည်ဆောက်နေကြတဲ့ ဒီမိုကရေစီ ဖော်ဆောင်ရေး၊ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များဟာ တည်ငြိမ်အေးချမ်းမှုနဲ့ တရားဥပဒေစိုးမိုးမှု ပတ်ဝန်းကျင်ကောင်းရှိမှသာ ဖော်ဆောင် အောင်မြင်နိုင်မှာဖြစ်ပါတယ်။
          တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးရှိဖို့ဆိုတာဟာလည်း နိုင်ငံတော်အစိုးရ အပေါ်မှာသာ တာဝန်ရှိတာမဟုတ်ပါဘူး၊ ပြည်သူများအပိုင်း ကလည်း  အသိတရားနဲ့ယှဉ်ပြီး ဥပဒေများကို   လေးစားလိုက်နာကြဖို့ လိုအပ်ပါတယ်။ ထို့အတူ ဘာသာရေး အဖွဲ့အစည်းများ၊ ဘာသာရေး   ခေါင်းဆောင်များ၊ နိုင်ငံရေးပါတီများနဲ့ နိုင်ငံရေးသမားများ၊ လူထုလူတန်းစား အဖွဲ့အစည်းများနဲ့ မီဒီယာများအားလုံးရဲ့ အသိတရားနဲ့ယှဉ်ပြီး သတိတရားနဲ့ ပူးပေါင်း ဆောင်ရွက် ကြဖို့လည်း အထူးလိုအပ်ပါတယ်လို့ ပြောကြားလိုပါတယ်။
          ဒါ့ကြောင့် မိဘပြည်သူများ၊ ဘာသာရေးအဖွဲ့အစည်းများ၊ နိုင်ငံရေး ပါတီများ၊ လူထုလူတန်းစားအဖွဲ့အစည်းအားလုံးတို့က လက်ရှိဖြစ်ပေါ်နေသော မတည်ငြိမ်မှုများ တည်ငြိမ်အေးချမ်းသွားအောင်၊ ပိုမိုကျယ်ပြန့်ဖြစ်ပွားလာခြင်း မရှိအောင် သတိတရားကို အခြေခံ၊ အသိတရားနဲ့မေတ္တာတရားကို ပေါင်းစပ်ပြီး နိုင်ငံတော်အစိုးရနဲ့အတူ ဝိုင်းဝန်းပူးပေါင်း ကာကွယ်ထိန်းသိမ်း ဖော်ဆောင်ပေးကြဖို့ မေတ္တာရပ်ခံပန်ကြားအပ်ပါတယ်။
        ချစ်ခင်လေးစားအပ်ပါသော မိဘပြည်သူများအားလုံး ဘေးဘယာဝေးကွာပြီး ကျန်းမာ ချမ်းသာကြပါစေကြောင်းနဲ့ နိုင်ငံတော်အစိုးရနဲ့လက်တွဲပြီး အေးချမ်းသာယာ ခေတ်မီဖွံ့ဖြိုး တိုးတက်တဲ့ ဒီမိုကရေစီနိုင်ငံတော်သစ် ဖြစ်ထွန်းပေါ်ပေါက် လာအောင် ဆောင်ရွက်နိုင်ကြ ပါစေကြောင်း ဆုတောင်းမေတ္တာပို့သရင်း နိဂုံးချုပ် လိုက်ပါတယ်။
          အားလုံးကို ကျေးဇူးတင်ပါတယ်။

Sunday, 10 June 2012

စစ်တွေမြို့ အခြေအနေ

စစ်တွေမြို့ အခြေအနေ RFA အသံလွှင့်ဌာနမှ ဆက်သွယ်မေးမြန်းချက် ၁၀.၆.၂၀၁၂ ည ၇ နာရီသတင်းမှ
 စာတန်းအားကလစ်နှိပ်ပြီး စစ်တွေမြို့သို့ ရောက်ရှိနေသော RFAမှ ကိုကျော်ကျော်အောင်နှင့် ဆက်သွယ်မေးမြန်းချက်အား နားစဉ်နိုင်ပါသည်။

Saturday, 2 June 2012

မီးရထားဝန်ကြီးဦးအောင်မင်း KIO ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့မှတာဝန်ရှိသူများ


            ပြည်ထောင်စုငြိမ်းချမ်းဖော်ဆောင်ရေးကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးအောင်မင်းသည် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) မှတာဝန်ရှိသူများကို ဒုတိယအကြိမ်အဖြစ် ကချင်ပြည်နယ် မယ်ဂျယ်အင်းဒေသတွင် ဇွန်လ ၁ ရက်နေ့က သွားရောက်တွေ့ဆုံခဲ့ကြောင်း ကချင်လွတ်မြောက်ရေး အဖွဲ့(KIO) ဘက်မှငြိမ်းချမ်းရေးအကျိုးတော်ဆောင် ဦးလမိုင်ဂွမ်ဂျာက ပြောကြားသည်။
            မီးရထားဝန်ကြီးဦးအောင်မင်းနှင့် ကချင်လွတ်မြောက်ရေးအဖွဲ့(KIO)မှ တာဝန်ရှိသူများ ဒုတိယအကြိမ်မြောက်တွေ့ဆုံပွဲတွင် ယခင် ဦးအောင်သောင်းနှင့် ကချင်လွတ်မြောက်ရေးအဖွဲ့တို့ ဒုတိယအကြိမ်တွေ့ဆုံစဉ်က ဆွေးနွေးခဲ့သော စတုတ္ထအချက်နှင့် တတိယအကြိမ်ကဆွေးနွေးခဲ့သော ပဉ္စမအချက်တို့ကို အဓိကထားဆွေးနွေးခဲ့ကြောင်း သိရသည်။
            “ဒီနေ့ဆွေးနွေးတဲ့ပွဲက ယခင်ဦးအောင်သောင်းခေါင်းဆောင်သောအဖွဲ့နဲ့ဆွေးနွေးခဲ့တဲ့ထဲက အချက်တစ်ချက်ကို အဓိကထားဆွေးနွေးခဲ့တာဖြစ်တယ်၊ အဲ့အချက်ကဘာလဲဆိုရင် နှစ်ဖက်တပ်စခန်းတွေ နေရာချထားရေးနဲ့ပတ်သက်ပြီး အလွတ်သဘောတွေ့ဆုံဆွေးနွေးခဲ့တဲ့သဘောပါ၊ ဒီနေ့ဆွေးနွေးပွဲကို ကြည့်မယ်ဆိုရင် ပြည်တွင်းငြိမ်းချမ်းရေးရရှိဖို့ အတွက်အလားအလာကောင်းတွေဖြစ်နိုင်တယ်လို့ထင်ပါတယ်” ဟု ငြိမ်းချမ်းရေးအကျိုးတော်ဆောင် ဦးအယ်ခွန်းအောင်က ပြောကြားသည်။
            ဇွန်လ ၁ ရက်နေ့တွင်ဆွေးနွေးခဲ့သော ငြိမ်းချမ်းရေးဆွေးနွေးပွဲသည် အလွတ်သဘော တွေ့ဆုံဆွေးနွေးမှုဖြစ်ပြီး နှစ်ဦးနှစ်ဖက်ပွင့်ပွင့်လင်းလင်း ဆွေးနွေးခဲ့ကြသည့်အတွက် တစ်ဖက်နှင့်တစ်ဖက် နားလည်မှုများရရှိခဲ့ပြီး ငြိမ်းချမ်းရေးရရှိစေရန် နောက်ပိုင်းတွင်လဲဆွေးနွေးပွဲများ ဆက်လက်ကျင်းပသွားရန် နှစ်ဦးနှစ်ဖက် သဘောတူခဲ့ကြောင်း သိရသည်။
            “ ယခင်က ပြည်နယ်အဆင့်မှာ ၃ ကြိမ် ၃ ခါဆွေးနွေးခဲ့တယ်၊ ပြီးတော့ ဦးအောင်သောင်း ခေါင်းဆောင်တဲ့အဖွဲ့နဲ့ ပြည်ထောင်စုအဆင့်မှာ ၃ ကြိမ် ၃ ခါဆွေးနွေးခဲ့ပြီးပြီ ဘာမှထူးခြားမလာဘူး၊ အခု နိုင်ငံတော်အဆင့်ဆွေးနွေးဖို့အတွက် ဦးအောင်မင်းက အလွတ်သဘောကြိုတင်လာရောက် ဆွေးနွေးတဲ့ပုံကတော့ ယခင်ဆွေးနွေးပွဲတွေနဲ့မတူပဲ ငြိမ်းချမ်းရေးရရှိဖို့အတွက် အခြေအနေကောင်းတွေ ကိုတွေ့နေရတယ်လို့ထင်တယ်”  ဟု ဦးလမိုင်ဂွမ်ဂျာက ဆိုသည်။
            အစိုးရငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့မှ တာဝန်ရှိသူများနှင့် ကချင်လွတ်မြောက်ရေး အဖွဲ့(KIO)မှ ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့ဝင်များ ဇွန်လ တတိယပတ်တွင် တတိယအကြိမ်မြောက် အလွတ်သဘော ထပ်မံတွေ့ဆုံရန် လျာထားကြောင်း သိရသည်။

မင်္ဂလာဒုံလေဆိပ်တွင် ဇွန်လမှစတင်ကာ ဆိုက်ရောက်ဗီဇာလျှောက်ထားနိုင်မည်


            မြန်မာနိုင်ငံသို့ ပြည်ပနိုင်ငံများမှ စီးပွားရေးလုပ်ငန်းလုပ်ကိုင်ရန် လာရောက်မည့်သူများအနေဖြင့် ဇွန်လဆန်းပိုင်းမှ စတင်ကာ ရန်ကုန်မြို့ မင်္ဂလာဒုံလေဆိပ်တွင် ဆိုက်ရောက်ဗီဇာ လျှောက်ထားနိုင်မည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးခင်ရီမှ ပြောကြားသည်။
            အာဆီယံနိုင်ငံများအပါအဝင် နိုင်ငံပေါင်း ၂၆ နိုင်ငံမှ မြန်မာနိုင်ငံသို့ စီးပွားရေးလုပ်ငန်း လုပ်ကိုင်ရန် လာရောက်သူများအစဉ်ပြေချောမွေ့နိုင်ရန် ပထမဆုံးအနေဖြင့် မင်္ဂလာဒုံလေဆိပ်တစ်ခုတည်းတွင် ဆိုက်ရောက်ဗီဇာများ လျှောက်ထား နိုင်ပြီဖြစ်ပြီး ဗီဇာကြေးအဖြစ် ဒေါ်လာ ၅၀ သတ်မှတ်ထားကြောင်း အထက်ပါပုဂ္ဂိုလ်မှဆိုသည်။
            “မြန်မာနိုင်ငံမှာ စီးပွားရေးလုပ်ငန်းလုပ်ကိုင်ရန် လာရောက်လုပ်ကိုင်မဲ့သူတွေအတွက် ဗီဇာသက်တမ်းကို ရက်ပေါင်း ၇၀ လို့သတ်မှတ်ထားတယ်၊ တကယ်လို့ ဒီနိုင်ငံကစီပွားရေးလုပ်ငန်းရှင်တစ်ဦးက ဖိတ်ကြားလို့ရောက်လာတဲ့သူတွေဆိုရင်တော့ သက်တမ်းထပ်တိုးလို့ရတယ်၊ လူသစ်ဖြစ်မယ်ဆိုရင်တော့ ရက်ပေါင်း ၇၀ ပြည့်ရင် နိုင်ငံအတွင်းကနေ ပြန်ထွက်သွားရမှာပေါ့၊ ဒါမှမဟုတ် စီးပွားရေးလုပ်ငန်းလုပ်နေတုန်းဆိုရင်တော့ သက်ဆိုင်ရာ ကုမ္ပဏီရဲ့ထောက်ခံချက်နဲ့သက်တမ်းထပ်တိုးလို့ရမယ် ၃လ၊ ၆ လ၊ ၁ နှစ် စသဖြင့်ပေါ့” ဟု ပြည်ထောင်စုဝန်ကြီးမှ ပြောကြားသည်။
            ပြောင်းလဲလာသော နိုင်ငံတော်အစိုးရ၏ ပွင့်လင်းပြီး တံခါးဖွင့်ပေးသောမူဝါဒအရ နိုင်ငံတွင် လာရောက်ပြီး စီးပွားရေးလုပ်ငန်းလုပ်ကိုင်မည့်သူများ လုပ်ငန်းရှင်များအတွက် လွယ်ကူချောမွေ့စေရန် စီးပွားရေးလုပ်ငန်းဗီဇာတစ်ခုတည်းကို နိုင်ငံပေါင်း ၂၆ နိုင်ငံအတွက် ဆိုက်ရောက်ဗီဇာ စတင်ထုတ်ပေးခြင်း ဖြစ်ကြောင်းသိရသည်။
            ယခင်က မြန်မာနိုင်ငံသို့ လာရောက်သူများအနေဖြင့် ဗီဇာလျှောက်ထားရာတွင် အမေရိကန်ဒေါ်လာ ၃၆ ကျပ်ဝန်းကျင်ကျသင့်ခဲ့ပြီး ယခုစီးပွားရေးလုပ်ငန်းအတွက် ဆိုက်ရောက်ဗီဇာလျှောက်ထားသူများသည် အမေရိကန်ဒေါ်လာ ၅၀ ကျပ်ကျသင့်မည်ဖြစ်ပြီး သံရုံးသို့သွားရောက်ရန်မလိုတော့ကြောင်း သိရသည်။

Friday, 1 June 2012

သမ္မတရုံးမှ ညွှန်ကြားချက်ကြောင့် ဦးမြင့်၏အိတ်ဖွင့်ပေးစာအပေါ် သတင်းစာရှင်းလင်းပွဲ ပြုလုပ်


            စီးပွားရေးအကြံပေးအဖွဲ့ခေါင်းဆောင် ဒေါက်တာဦးမြင့်မှ ရန်ကုန်တက္ကသိုလ်ရဲ့ ဂုဏ်သိက္ခာကို ပြန်လည်တည်ဆောက်ရေး ပြည်သူသို့ အိတ်ဖွင့်ပေးစာ ထုတ်ပြန်ခဲ့ခြင်းနှင့်ပတ်သက်ပြီး သမ္မတရုံမှ ညွှန်ကြားချက်ကြောင့် ရန်ကုန်မြို့ရှိ သမ္မတအကြံပေးအဖွဲ့ရုံးခန်းတွင် သတင်းစာရှင်းလင်းပွဲအား မေ ၂၄ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
            သမ္မတရုံး၏ ညွှန်ကြားချက်ကြောင့်ပြုလုပ်သော သတင်းစာရှင်းလင်းပွဲကို သမ္မတ အကြံပေးအဖွဲ့ဝင်များဖြစ်ကြသော ဦးကိုကိုလှိုင်၊ ဒေါက်တာနေဇင်လတ်တို့အပါအဝင် လေးဦးတက်ရောက်ခဲ့ပြီး မေ ၁၉ ရက်နေ့တွင်ရေးသားထုတ်ပြန်ခဲ့သော ဒေါက်တာဦးမြင့်၏ အိတ်ဖွင့်ပေးစာသည် နိုင်ငံတော်သမ္မတရုံးအနေဖြင့် ကြိုတင်သိရှိခြင်းမရှိဘဲ ၄င်း၏ပုဂ္ဂလိကဆန္ဒအလျောက် ရေးသားခဲ့ခြင်းသာဖြစ်ပြီး နိုင်ငံတော်သမ္မတရုံး၏ သဘောထား တစ်စုံတစ်ရာ ထင်ဟပ်ခြင်းလည်း မရှိကြောင်း ပြောကြားသွားသည်။
            ဦးမြင့်၏ အိတ်ဖွင့်ပေးစာတွင် ရန်ကုန်တက္ကသိုလ်၏ ဂုဏ်သိက္ခာကို ပြန်လည်မြင့်မားအောင် ဆောင်ရွက်ကြရမည့် ယခုတစ်ကြိမ်တွင်လည်း ရရှိပြီးဖြစ်သော အစဉ်အလာကောင်းများကို ဆက်လက် ထိန်းသိမ်းရမည်ဖြစ်ပြီး ထိုလုပ်ဆောင်ချက်သည် အမျိုးသားရင်ကြားစေ့ရေးအတွက် အရေးပါသော မှတ်တိုင်တစ်ခုဖြစ်မည်ဖြစ်ကြောင်း ဖော်ပြထားသည်။
            ရန်ကုန်တက္ကသိုလ်၏ ဂုဏ်သိက္ခာ ပြန်လည်ထွန်းပြောင်လာစေရန် တည်ဆောက်ရေးမှာ မြန်မာတစ်မျိုးသားလုံး လိုလားတောင့်တနေသောအချက်ဖြစ်ပြီး တစ်နိုင်ငံလုံးရှိ တက္ကသိုလ်အားလုံးကို နိုင်ငံတကာနှင့် ရင်ပေါင်တန်းနိုင်သည့်တက္ကသိုလ်များဖြစ်လာစေလိုသည့် ဆန္ဒရှိပြီး တာဝန်ရှိသူများအနေဖြင့် ရန်ကုန်တက္ကသိုလ် တစ်ခုတည်းသာ အထူးတလည်ဦးစားပေး တည်ဆောက်ပြီး ကျန်တစ်ပြည်လုံးရှိ တက္ကသိုလ်များကို မျက်ကွယ်ပြုထားမရနိုင်ကြောင်း ဦးကိုကိုနိုင်မှ ပြောကြားသွားသည်။
            ယခင်က ရန်ကုန်တက္ကသိုလ်တွင် အနယ်နယ်အရပ်ရပ်မှ ကျောင်းသားများလာရောက် ပညာသင်ကြားခဲ့ပြီး မိမိတို့ဒေသမှ ရိုးရာဓလေ့စရိုက်များနှင့် အတွေ့အကြုံများကို အခြားသူများအား ပြန်လည်ပြောကြားကြပြီး ရန်ကုန်တက္ကသိုလ်တွင် ပညာသင်ကြားခဲ့သော ကျောင်းသားများသည် ပညာသင်ကြားရင်း တန်ဖိုးမဖြတ်နိုင်သော ဗဟုသုတများပါ ရရှိနိုင်သည်ဟု ရန်ကုန်တက္ကသိုလ်တွင် ကျောင်းဆရာအဖြစ်တာဝန်ထမ်းဆောင်ခဲ့သူ ဆရာတစ်ဦးကဆိုသည်။
            ရန်ကုန်တက္ကသိုလ်နယ်မြေသည် မြို့တော်၏ အဓိကကျသော နေရာတစ်ခုတွင်တည်ရှိပြီး မြေ၊ အဆောက်အဦး၊ အားကစားကွင်းများ၊ အပန်းဖြေနားနေဆောင်များနှင့် အခြားသော အဆောက်အဦးများသည် သန်းထောင်ချီ တန်းဖိုးရှိလာပြီး ပုဂ္ဂလိက လုပ်ငန်းရှင်များအတွက် တက္ကသိုလ်နယ်မြေသည် မျက်စိကျစရာနေရာဖြစ်လာပြီး အန္တရာယ်ကိုကြိုတင်ကာကွယ်ရန်အတွက် အပူတပြင်းလိုအပ်နေကြောင်း ဦးမြင့်၏ ပေးစာတွင်ထည့်သွင်းဖော်ပြထားသည်။
            အထက်ပါကိစ္စနှင့် ပတ်သက်ပြီး ဦးကိုကိုလှိုင်က ပြောကြားရာတွင် ယခုအိတ်ဖွင့်ပေးစာတွင် ပါဝင်သောအချက်သည် ရန်ကုန်တက္ကသိုလ်အတွက် စိတ်ကောင်းစေတနာဖြင့် ပြောဆိုခြင်းဖြစ်သည်ဟု ယုံကြည်ကြောင်းပြောကြားခဲ့ပြီး ပြည့်စုံသော သတင်းအချက်အလက် မရရှိသောကြောင့် နားလည်မှု အကောက်အယူလွဲမှားကာ စိုးရိမ်မှုဖြင့် ပြောဆိုခြင်းဖြစ်နိုင်ပြီး ကိစ္စသည် မူဝါဒဆိုင်ရာအရ အထူးထိလွယ် ရှလွယ် အတိမ်းအစောင်းမခံသော ကိစ္စဖြစ်ပြီး အထင်လွဲမှုများ ပြေလည်သွားစေရန် ပြန်လည်ရှင်းလင်းရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
            ၂၀၁၃ ခုနှစ်တွင် မြန်မာနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပရန် စီစဉ်ထားသော အရှေ့တောင်အာရှအားကစာပြိုင်ပွဲမှ ရရှိသော ရန်ပုံငွေဖြင့် တက္ကသိုလ်တင်းနစ်ကွင်းများအား ပြိုင်ပွဲဝင်စံချိန်မီရေး အရည်အသွေးမီသည့် တင်းနစ်ကွင်းများဖြစ်ပေါ်လာစေရန် အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းရှင်များအား လုပ်ကိုင်ခွင့်ပေးရန် စီစဉ်နေဆဲသာဖြစ်ပြီး အရှေ့တောင်အာရှ အားကစားပြိုင်ပွဲအပြီး ၂၀၁၄ ခုနှစ်တွင် တက္ကသိုလ်နှင့် ကောလိပ်များတွင် ဘက်စုံစွမ်းရည်မြှင့်တင်ရေး အစီးအစဉ်များအတွက် အဆိုပါတင်းနင်းကွင်းများကို အစဉ်သင့်ပြန်လည်သုံးစွဲနိုင်မည်ဖြစ်ကြောင်း သိရသည်။
            ဦးမြင့်၏ အိတ်ဖွင့်ပေးစာတွင် ရန်ကုန်တက္ကသိုလ်၏ ဂုဏ်သိက္ခာကို ယခင်အတိုင်း ပြန်လည်မြင့်မားအောင် ဆောင်ရွက်ရာတွင် အရေးအကြီးဆုံးကိစ္စရပ်သည် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ၏ နောက်ဆုံးသမ္မတ ဒေါက်တာမောင်မောင် ၁၉၈၈ ခုနှစ်တွင် ပြောကြားခဲ့သော ကျောင်းသားသမဂ္ဂ အဆောက်အဦး ပြန်လည်တည်ဆောက်ရေး ဆိုသည့်အချက်အားထည့်သွင်းဖော်ပြခဲ့ပြီး အဆိုပါအချက်နှင့် ပတ်သက်ပြီး ဦးကိုကိုလှိုင်က ကျောင်းသားသမဂ္ဂ ကိစ္စရပ်သည် သက်ဆိုင်ရာ အမျိုးသား ပညာရေးကောင်စီ စသည့်အဖွဲ့အစည်းများက သေချာစွာလေ့လာသုံးသပ် စဉ်းစားရမည့်ကိစ္စများဖြစ်သဖြင့် တစ်စုံတစ်ရာပြောကြားရန်မရှိဟု ဆိုသည်။

သမ္မတအကြံပေးအဖွဲ့မှ ဦးကိုကိုလှိုင်က စွမ်းအင်ချွေတာသုံးစွဲရန် အကြံပြု


            နိုင်ငံတော်သမ္မတအကြံပေးအဖွဲ့မှ ဦးကိုကိုလှိုင်က ပြည်သူများအနေဖြင့် စွမ်းအင်ချွေတာ သုံးစွဲမည်ဆိုပါက မြန်မာနိုင်ငံအနေဖြင့် အကျိုးရှိမည်ဖြစ်ကြောင်း မေ ၂၄ ရက်နေ့က နိုင်ငံတော်သမ္မတ အကြံပေးအဖွဲ့ရုံးခန်းတွင်း ပြုလုပ်သော သတင်းစာရှင်းလင်းပွဲအပြီး သတင်းထောက်များအား ပြောကြားခဲ့သည်။
            မြန်မာနိုင်ငံနေရာအနှံအပြားတွင် လျှပ်စစ်မီး ၂၄ နာရီရရှိရန် ဆန္ဒပြမှုများ ဖြစ်ပေါ်လျှက်ရှိသောကိစ္စနှင့် ပတ်သက်ပြီးသတင်းထောက်များ၏မေးမြန်းချက်ကို သမ္မတ အကြံပေးဦးကိုကိုလှိုင်က ဖယောင်းတိုင်များကို မိမိအိမ်တွင်မိမိထွန်းပြီး မီးပိတ်ထားလျှင် စွမ်းအင်လိုအပ်နေသောပြသနာသည် အဆင်ပြေသွားမည်ဟုဆိုသည်။
            ဂျပန်နိုင်ငံတွင် ယခင်က Nuclear ဓာတ်အားပေးစက်ရုံပေါင်း ၄၀ ကျော်ရှိပြီး ယခုအခါ စက်ရုံ နှစ်ခုသာလျှင်ထားရှိပြီး ကျန်စက်ရုံများကို ပိတ်သိမ်းလိုက်သည်တောင် မီးပျက်မှုမရှိခြင်းသည် ဂျပန်နိုင်ငံသားများသည် ခြိုးခြံချွေတာသုံးစွဲခြင်းကြောင့်ဖြစ်ကြောင်းပြောကြားပြီး မြန်မာနိုင်ငံသားများ အနေဖြင့်လည်း စွမ်းအင်ချွေတာသုံးစွဲရန်သင့်ကြောင်း ပြောကြားသည်။
            ဆန္ဒပြပွဲများ ပြုလုပ်နေသည့်ကိစ္စများနှင့်ပတ်သတ်ပြီး ဆက်လက်ပြောကြားရာတွင် ဆန္ဒပြပွဲများပြုလုပ်ရာတွင် ဥပဒေနှင့်အညီလိုက်နာဆောင်ရွက်ရန်လိုအပ်ပြီး ယခုအချိန်တွင် ဆန္ဒပြနိုင်သည့် ဥပဒေပေါ်ထွက်နေပြီဖြစ်သော်လည်း နည်းဥပဒေ ထွက်ပေါ်လာခြင်းမရှိသေးသည့်အတွက် ဆန္ဒပြပွဲများ ပြုလုပ်ကျင်းပမည်ဆိုပါက သက်ဆိုင်ရာ ရဲစခန်းသို့ ကြိုတင်အကြောင်းကြားရန်လိုအပ်ကြောင်း ဆက်လက်ပြောကြားသည်။
            မြန်မာနိုင်ငံတွင်း လျှပ်စစ်မီး ၂၄ နာရီရရှိရန် ဖိယောင်းတိုင်ထွန်း ဆန္ဒပြတောင်းဆိုမှုများကို မေ ၂၀ ရက်နေ့တွင် မန္တလေးမြို့မှစတင်ကာ ကျင်းပပြုလုပ်ခဲ့ပြီး ရန်ကုန်မြို့တွင် မေ ၂၂ ရက်နေ့၊ ပေါင်းတည်မြို့နှင့် ပြည်မြို့တွင် ၂၃ ရက်နေ့တို့မှစတင်ကာ ဆန္ဒပြပွဲများဆက်တိုက်ပြုလုပ်ခဲ့ပြီး အခြားသောမြို့များတွင်လည်း ဆန္ဒပြုပွဲများ ကျင်းပခဲ့ပြီး တစ်နေ့ထက်တစ်နေ့ ဆန္ဒပြသူအရေအတွက် ပိုမိုများပြားလာကြောင်း သိရသည်။

ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့သစ်မှတာဝန်ရှိသူအချို့နှင့် ကေအိုင်အိုအဖွဲ့ပထမဆုံးအကြိမ်တွေ့ဆုံ


            ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်မှုအဖွဲ့သစ်တွင် ပါဝင်သော မီးရထားဝန်ကြီးဦးအောင်မင်းနှင့် အဖွဲ့ဝင်အချို့သည် ကေအိုင်အိုအဖွဲ့မှ တာဝန်ရှိသူများနှင့် ပထမဆုံးအကြိမ်အဖြစ် တွေ့ဆုံဆွေးနွေးမှုကို မေလ ၂၁ ရက်နေ့မနက်ပိုင်းက ထိုင်းနိုင်ငံတွင် ပြုလုပ်ခဲ့ကြောင်း ကေအိုင်အိုအဖွဲ့မှ ငြိမ်းချမ်းရေးအကျိုးဆောင် ဦးလပိုင်ဂွမ်ဂျာမှ ပြောကြားသည်။
            ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းသည် ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့တွင် ပါဝင်သော တာဝန်ရှိသူအချို့နှင့် အေအိုင်အိုအဖွဲ့မှ အထွေထွေအတွင်းရေးမှူး ဒေါက်တာလဂျာ ဦးဆောင်သောအဖွဲ့ကို မေလ၂၁ ရက်နေ့မနက် ၈ နာရီခွဲမှ ၁၂ နာရီထိ ထိုင်းနိုင်ငံ ချင်းရိုင်မြို့တွင် အလွတ်သဘော  ကြိုတင်သွားရောက်ဆွေးနွေးမှုများပြုလုပ်ခဲ့ကြောင်း သိရသည်။
            အဆိုပါတွေ့ဆုံပွဲတွင် ပြည်ထောင်စုအဆင့်ငြိမ်းချမ်းရေးဆွေးနွေးပွဲ ကေအိုင်အိုအဖွဲ့မှ တင်ပြမည့်အချက်များကို အလွတ်သဘောကြိုတင်ညှိနှိုင်းဆွေးနွေးခဲ့ပြီးနောက် ပြည်ထောင်စုအဆင့် ဆွေးနွေးပွဲများ မကျင်းပမီ အကြိုဆွေးနွေးပွဲများထပ်မံကျင်းပရန် ပြည်ထောင်စုဝန်ကြီးဦးအောင်မင်းနှင့် ကေအိုင်အိုအဖွဲ့မှ တာဝန်ရှိသူများမှ သဘောတူခဲ့ကြောင်း သိရသည်။
            “ ယခုတွေ့ဆုံပွဲကတော့ ပြည်ထောင်စုအဆင့်ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ ကေအိုင်အိုအဖွဲ့က တင်ပြမဲ့ အချက်တွေကို ပြည်ထောင်စုဝန်ကြီးဦးအောင်မင်းနှင့်အဖွဲ့က ကြိုတင်လာရောက် ဆွေးနွေးသွားတာလောက်ပါပဲ၊ ဆွေးနွေးပွဲကြီးမကျင်းပမီမှာလည်း နောက်ထပ် အကြိုဆွေးနွေးပွဲလေးတွေ ထပ်လုပ်ဖို့ သဘောတူချက်ရရှိခဲ့တယ်” ဟု ဦးလပိုင်ဂွမ်ဂျာမှ ဆိုသည်။
            မီးရထားဝန်ကြီးဦးအောင်မင်းက ငြိမ်းချမ်းရေးဆွေးနွေးပွဲများမကျင်းပမီ အကြိုဆွေးနွေးပွဲများ ကျင်းပရခြင်းသည် ထာဝရငြိမ်းချမ်းရေးဆွေးနွေးမှုများ ပိုမိုခိုင်မာလာစေရန်အတွက် အကြိုဆွေးနွေးပွဲများ ကျင်းပရခြင်းဖြစ်ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)နှင့် ပြည်ထောင်စုအဆင့်ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွင် ပြောကြားခဲ့သည်။
            ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့မှ တာဝန်ရှိသူများနှင့် ကေအိုင်အိုအဖွဲ့မှ တာဝန်ရှိသူများ ယခုလအတွင်း အကြိုတွေ့ဆုံပွဲတစ်ခုထပ်မံကျင်းပရန် သဘောတူညီမှုကိုလည်းရရှိခဲ့ကြောင်း ယင်းဆွေးနွေးပွဲသို့တက်ရောက်ခဲ့သူတစ်ဦးမှ ပြောကြားသည်။
            မြန်မာနိုင်ငံတွင်းတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၁ ခုနှင့် ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့မှ တာဝန်ရှိသူများ ငြိမ်းချမ်းရေးဆွေးနွေးပွဲများပြုလုပ်ခဲ့ပြီး ယခင်ဦးအောင်သောင်းခေါင်းဆောင်သော ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့တာဝန်ယူဆွေးနွေးခဲ့သော အဖွဲ့များထဲတွင်ပါဝင်သော ကေအိုင်အိုအဖွဲ့မှအပ ကျန်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၀ ခုနှင့် ပဏာမအဆင့်အပြစ်အခတ်ရပ်စဲရေး သဘောတူလက်မှတ်ရေးထိုးနိုင်ခဲ့ကြောင်း သိရသည်။

Thursday, 3 May 2012

အကျဉ်းကျနေသော မွန်ပြည်သစ်ပါတီဝင် ၂ ဦးအားလွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွှတ်ပေး


            မွန်ပြည်သစ်ပါတီမှခေါင်းဆောင်များဖြစ်ကြသော  နိုင်ယက္ခ(ခေါ်) မင်းနေဝင်းနှင့် နိုင်ချိန်ဂကောင်း (ခေါ်) မျိုးသွေးတို့ နှစ်ဦးကို နိုင်ငံတော်ပုန်ကန်မှုစွပ်စွဲချက်ဖြင့် ဖမ်းဆီးထိမ်းသိမ်းခဲ့ပြီး ၂၀၀၃ ဇူလိုင်လ ၁၇ ရက်နေ့တွင် သေဒဏ်ချမှတ်ခဲ့ရာမှ ၉နှစ်အကြာ ၂၀၁၂ ဧပြီ ၃၀ ရက်နေ့တွင် နိုင်ငံတော်သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည်လွှတ်ပေးလိုက်ကြောင်းသိရသည်။
            နိုင်ငံတော်သမ္မတ၏လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် တသက်တစ်ကျွန်း ပြစ်ဒဏ်ကျခံနေရာမှ ပြန်လည်လွတ်မြောက်လာသော နိုင်ယက္ခနှင့် နိုင်ချိန်ဂကောင်းတို့ နှစ်ဦးကို စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဇော်မင်းမှဦးဆောင်ကာ အင်းစိန်ထောင်မှခေါ်ဆောင်ပြီး   မွန်ပြည်သစ်ပါတီသို့ ပြန်လည်လွဲပြောင်းပေးအပ်ပွဲကို မော်လမြိုင်မြို့၊ ကမ်းနားလမ်းရှိ Strand Hotel တွင်ဧပြီလ ၃၀ ရက်နေ့က ကျင်းပပြုလုပ်ခဲ့ရာ ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့ဝင်များ၊ မွန်ပြည်သစ်ပါတီမှ တာဝန်ရှိသူများနှင့် ငြိမ်းချမ်းရေးအကျိုးတော်ဆောင်များ တက်ရောက်ခဲ့သည်။
            အထက်ပါမွန်ပြည်သစ်ပါတီဝင်နှစ်ဦးအားပြန်လည်လွတ်ပေးရန် မွန်ပြည်သစ်ပါတီမှ ဦးအောင်မင်း ခေါင်းဆောင်သော ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့အား ပြည်နယ်အဆင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွင် တောင်းဆိုခဲ့ပြီး ဧပြီ ၁၁ ရက်နေ့တွင်ကျင်းပသော ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွင်လည်း အဆိုပါကိစ္စအားထပ်မံ ဆွေးနွေးခဲ့သည်။
            “မွန်ပြည်သစ်ပါတီဝင် ၂ ဦးကိုလွှတ်ပေးတယ်တယ်ဆိုတာ အစိုးရနဲ့ငြိမ်းချမ်းရေးဆွေးနွေးနေတဲ့ မွန်ပြည်သစ်ပါတီဝင်တွေအားလုံး စုံညီစွာပါဝင်ပြီး အစိုးရနဲ့ငြိမ်းချမ်းရေးဆွေးနွေးတဲ့အခါမှာ ငြိမ်းချမ်းရေးလမ်းကြောင်း ပိုမိုလျှင်မြန်စေမှာဖြစ်တဲ့အတွက် နိုင်ငံတော်သမ္မတကြီး၏ လွတ်ငြိမ်းချမ်းသာခွင့်နဲ့လွှတ်ပေးခဲ့တာဖြစ်တယ်” ဟု နိုင်ယက္ခနှင့် နိုင်ချိန်ဂကောင်းတို့နှစ်ဦးကို လိုက်ပါပို့ဆောင်ရာတွင်ပါဝင်ခဲ့သူ တာဝန်ရှိသူတစ်ဦးမှ ပြောကြားသည်။
            အကျဉ်းကျခံနေရသော မွန်ပြည်သစ်ပါတီမှ ခေါင်းဆောင်များကို လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွှတ်ပေးသည့်သကဲ့သို့ ကရင်အမျိုးသားအစည်းအရုံး (KNU)မှ ဗဟိုကော်မတီဝင် ဖဒိုမန်းငြိမ်းမောင်အား မတ်လ ၁၇ ရက်နေ့တွင် နိုင်ငံတော်သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွှတ်ပေးခဲ့ပြီး တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများမှ အကျဉ်းသားများပြန်လည် လွှတ်ပေးခြင်းသည် အစိုးရအဖွဲ့သစ်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအကြား ယုံကြည်မှုတည်ဆောက်ရေးတွင် အထောက်အပံ့ဖြစ်နိုင်ကြောင်း ကရင်နီအမျိုးသားတိုးတက်ရေးပါတီမှ နိုင်ငံခြားရေးတာဝန်ခံ ဦးရွှေမျိုးသန့်မှ ပြောကြားသည်။
                                                                                                                

Tuesday, 27 March 2012

ပြည်ပသို့ရောက်ရှိနေသောမြန်မာနိုင်ငံသား ၂၃ သိန်းကျော် နေရပ်ပြန်အလုပ်လုပ်နိုင်ရန် ဆောင်ရွက်ပေးမည်

မြန်မာနိုင်ငံမှ ပြည်ပနိုင်ငံများသို့ အကြောင်းအမျိုးမျိုးကြောင့် ရောက်ရှိနေသော မြန်မာနိုင်ငံသား ၂၃ သိန်းကျော်ရှိသည့် အနက် နေရပ်ပြန်လည်လာရောက်လိုသူများအတွက် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးသွားမည်ဖြစ်ကြောင်း ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်မှုအဖွဲ့ခေါင်းဆောင် ဦးအောင်မင်းက မတ်လ ၇ ရက်နေ့တွင်ပြုလုပ်သော ကရင်နီအမျိုးသား တိုးတက်ရေးပါတီနှင့် အပစ်အခတ်ရပ်စဲရေးလက်မှတ်ထိုးပွဲအပြီး ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။

ပြည်ပနိုင်ငံများသို့ ရောက်ရှိနေသော မြန်မာနိုင်ငံသားများ နေရပ်ပြန်အလုပ် လုပ်ကိုင်နိုင်ရန် နယ်စပ်ဒေသများတွင် စက်မှုဇုန်များထူထောင်ပြီး စက်ရုံအလုပ်ရုံများတည်ဆောက်သွားမည်ဖြစ်ရာ အလုပ်သမားအများအပြား အလုပ်ကိုင်အခွင့် အလမ်းရရှိစေနိုင်သော စက်ရုံများကို ဦးစားပေးတည်ဆောက်သွားမည်ဖြစ်ပြီး အခြားနိုင်ငံများမှ စက်ရုံများကဲ့သို့ နယ်စပ်ဒေသများတွင် စက်ရုံများလာရောက်ဖွင့်လှစ်ရန် နိုင်ငံခြားလုပ်ငန်းရှင်များအား ကမ်းလှမ်းထားပြီး အခြားနိုင်ငံများနည်းတူ လုပ်ကိုင်ဆောင်ရွက်ခွင့်များ ပေးသွားမည်ဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

“ ထိုင်းနိုင်ငံမှာရှိတဲ့စက်ရုံတွေမှာ အလုပ်လုပ်ကိုင်နေကြတဲ့ မြန်မာနိုင်ငံသားတွေဟာ တစ်နေ့ကို ဘတ် ၈၀ ကနေ ၁၂၀ ကြားရနေပါတယ်။ ဒီအချိန်မှာ ထိုင်းနိုင်ငံသားတစ်ဦးရဲ့လုပ်ခက အနည်းဆုံး ဘတ်၂၀၀ ရရှိနေတယ် ဒါကြောင့် မြန်မာနိုင်ငံသားတွေအနေနဲ့ ဒီမှာဘတ် ၂၀၀ ရမယ်ဆိုရင် အဆင်ပြေတာပေါ့” ဟု ဦးအောင်မင်းက ဆိုသည်။

ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်မှုအဖွဲ့ ဒုတိယအဖွဲ့ခေါင်းဆောင် ဦးစိုးသိန်းက ၄င်းတို့အဖွဲ့အနေနှင့် ယခုအချိန်တွင် ဆောင်ရွက်ပေးနိုင်သည်မှာ နယ်စပ်ဒေသများသို့ ရောက်ရှိနေသော ဒုက္ခသည်များ နေရပ်ပြန်အလုပ်လုပ်ကိုင်နိုင်ရန်အတွက် နပ်စပ်ဒေသများတွင် အသေးစားနှင့် အလတ်စား စက်မှုလုပ်ငန်းများ ဖော်ဆောင်ပေးသွားမည်ဖြစ်ကြောင်း ကရင်နီအမျိုးသားတိုးတက်ရေးပါတီနှင့် ပြည်နယ်အဆင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲတွင် ကတိပြု ပြောကြားခဲ့သည်။

မြန်မာနိုင်ငံမှ ပြည်ပနိုင်ငံများသို့ရောက်ရှိနေသူ ၂၃ သိန်းကျော်တွင် ကာလကြာရှည်စွာဖြစ်ပွားခဲ့သော ပြည်တွင်း စစ်ပွဲများကြောင့် နေရပ်ဒေသများတွင် လုံခြုံမှုမရှိသဖြင့် ထွက်ပြေးတိမ်းရှောင်နေသူ ၄၄၆,၀၀၀ ကျော်၊ နယ်စပ်ဒေသများရှိ ဒုက္ခသည်စခန်းများတွင် ၃၄၆,၀၀၀ကျော်နှင့် အကြောင်းအမျိုးမျိုးကြောင့် ပြည်ပနိုင်ငံများတွင် သွားရောက်အလုပ်လုပ်ကိုင်နေသူ ၂ သန်းကျော်ရှိကြောင်း ၎င်းတို့၏အဆိုအရ သိရသည်။

ကချင်ပြည်နယ်တွင်းဒေသများတွင်လည်း ဧပြီလ ၁ ရက်နေ့တွင် ရွေးကောက်ပွဲကျင်းပပေးရန် ကိုယ်စားလှယ်လောင်းများ အလိုရှိနေ

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ မတ်လ ၂၃ ရက်နေ့တွင် ထုတ်ပြန်ကြေငြာသော ကချင် ပြည်နယ်တွင်း ဒေသများတွင် ဧပြီလ ၁ ရက်နေ့တွင်ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲရက် အကန့် အသတ်မရှိ ရွှေ့ဆိုင်းမှုအား အစိုးရတာဝန်ရှိသူများမှ မူလရက်တွင် ပြန်လည်ကျင်းပနိုင်ရန် ဆောင်ရွက် ပေးနိုင်မည် ထင်ကြောင်း ကချင်ပြည်နယ်တွင်း လစ်လပ်မဲဆန္ဒနယ်မြေများတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် လွှတ်တော် ကိုယ်စားလှယ်လောင်းများမှ ပြောကြားသည်။

ကချင်ပြည်နယ်တွင်း လစ်လပ်မဲဆန္ဒနယ်မြေများဖြစ်ကြသော မိုးကောင်း၊ ဖားကန့်နှင့် ဗန်မော်မြို့နယ်များမှာ လုံခြုံရေးအခြေအနေအရ ဧပြီလ ၁ ရက်နေ့တွင် လွတ်လပ်တရားမျှတသော ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပရန် အခြေအနေမရှိသဖြင့် ကြားဖြတ်ရွေးကောက်ပွဲကျင်းပမှုကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်မှ ရက်အကန့်အသတ်မရှိ ရွှေ့ဆိုင်းလိုက်ကြောင်း မတ်လ ၂၃ ရက်နေ့က ကြေငြာချက်အမှတ် ၁၆/၂၀၁၂ ဖြင့် ထုတ်ပြန်လိုက်သည်။

အဆိုပါကြေငြာချက်ထုတ်ပြန်မှုနှင့် ပတ်သက်ပြီး မိုးကောင်းမြို့နယ်မှ ဝင်ရောက်ယှဉ်ပြိုင်မည့် တစ်သီးပုဂ္ဂလ လွှတ်တော်ကိုယ်စားလှယ်လောင်း KIA ခေါင်းဆောင်ဟောင်းတစ်ဦးဖြစ်သူ ဒေါက်တာ ဦးမနန်းတူဂျာက “ ကချင်ပြည်နယ်က ပြည်သူတွေက ဒီကြားဖြတ်ရွေးကောက်ပွဲကို ၂၀၁၀ ရွေးကောက်ပွဲ ထက်ပိုပြီး စိတ်ဝင်စားမှုများတယ် ခုလို ရွေးကောက်ပွဲကျင်းပမှုကိုရွှေ့ဆိုင်းလိုက်တော့ မဲဆန္ဒရှင်ပြည်သူတွေ ဧပြီလ ၁ ရက်နေ့မှာ ဆန္ဒမဲပေးဖို့ အားခဲထားတာတွေ ပျောက်မသွားအောင် အစိုးရတာဝန်ရှိသူတွေအနေနဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့် ညှိနှိုင်းပြီး ဧပြီလ ၁ ရက်နေ့မှာ ရွေးကောက်ပွဲ ကျင်းပပေးရင် ပိုကောင်းမယ်” ဟု ပြောကြားသည်။

ထို့နည်းတူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုရွေးကောက်ပွဲ အောင်နိုင်ရေးအဖွဲ့မှလည်း ရွေးကောက်ပွဲ ဖြစ်မြောက်ရေးကိစ္စကို KIA/KIO အဖွဲ့များနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဆွေးနွေး ညှိနှိုင်းရန်ဆန္ဒရှိပြီး ရွေးကောက်ပွဲကော်မရှင်မှသော်လည်းကောင်း၊ နိုင်ငံတော် အစိုးရမှသော်လည်းကောင်း လုပ်ဆောင်ပေးမည်ဆိုပါက ဧပြီလ ၁ ရက်နေ့တွင် ရွေးကောက်ပွဲပြုလုပ်နိုင်မည်ဟု ယုံကြည်ကြောင်း မတ်လ ၂၆ ရက်နေ့တွင် ကြေငြာလိုက်သည်။

Sunday, 25 March 2012

မြိတ်မှ ပြန်လည်ရောက်ရှိလာသော ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးမကောင်း

တနင်္သာရီတိုင်း မြိတ်ကျွန်းစုသို့ စည်းရုံးရေးခရီးစဉ် ထွက်ခွာလာစဉ် ဒေါ်အောင်ဆန်းစုကြည် လိုက်ပါသွားသော ရေယာဉ်သည် အပြန်ခရီးတွင် သောင်တင်သွားခြင်းကြောင့် မြိတ်မြို့သို့ ညမိုးချုပ်တွင်မှ ပြန်လည်ရောက်ရှိသွားကြောင်း ခရီးစဉ်တွင် လိုက်ပါသွားသူ သတင်းထောက် တစ်ဦးမှ ပြောကြားသည်။

ဧပြီလ ၁ ရက်နေ့တွင် ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေး ခရီးစဉ်အဖြစ် မတ်လ ၂၄ ရက်နေ့က မြိတ်ကျွန်းစုများသို့ စည်းရုံးရေးခရီးစဉ်ထွက်ခွာရန် စီစဉ်ထားသောခရီးစဉ်တွင် အမြန်ရေယာဉ် ငှားရမ်းမှု မရရှိသဖြင့် ရရှိသော ရေယာဉ်ဖြင့် ခရီးစဉ်သွားရောက်စဉ် အချိန်နှောင့်နှေးမှုကြောင့် စခန်းသစ် ကျွန်းစုသို့သာ သွားရောက်နိုင်ခဲ့ပြီး ကန်ပေါ်သို့ သွားရောက်ခြင်းမပြုခဲ့ဘဲ စခန်းသစ်မှ ပြန်လည် ထွက်ခွာလာစဉ် အပြန်လမ်းခရီးတွင် ဒေါ်အောင်ဆန်းစုကြည် လိုက်ပါလာသော ရေယာဉ်သည် သောင်တင်မှု ဖြစ်ပွားခဲ့သောကြောင့် ည ၁၀ နာရီဝန်းကျင်မှ မြိတ်မြို့သို့ ပြန်လည်ရောက်ရှိခဲ့ကြောင်း သိရသည်။

ဒေါ်အောင်ဆန်းစုကြည်သည် မြိတ်မြို့မှ ရန်ကုန်မြို့သို့ မတ်လ ၂၅ ရက်နေ့ညတွင် ပြန်လည် ရောက်ရှိခဲ့ပြီး ကျန်းမာရေး အခြေအနေကြောင့် မတ်လ ၂၇ ရက်နေ့နှင့် မတ်လ ၂၈ ရက်နေ့များတွင် မကွေးသို့သွားရောက်မည့် စည်းရုံးရေးခရီးစဉ် ထွက်ခွာရန် စီစဉ်ထားခြင်းအား ဖျက်သိမ်းကြောင်း အမျိုးသား ဒီမိုကရေးစီအဖွဲ့ချုပ် ရွေးကောက်ပွဲအောင်နိုင်ရေးအဖွဲ့မှ မတ်လ ၂၅ ရက်နေ့တွင် ထုတ်ပြန်လိုက်သည်။

Thursday, 22 March 2012

ဖဒိုမန်းငြိမ်းမောင်လွတ်မြောက်လာခြင်းသည် ငြိမ်းချမ်းရေးဆွေးနွေးမှုများကို အထောက်အကူဖြစ်နိုင်

ကရင်အမျိုးသားအစည်းအရုံး(KNU) ဗဟိုကော်မတီဝင် ဖဒိုမန်းငြိမ်းမောင်အား ထောင်ဒဏ် တစ်သက်တစ်ကျွန်းပြစ်ဒဏ်ကျနေရာမှ မတ်လ ၁၉ ရက်နေ့ မနက် ၇ နာရီ ၅၀ အချိန်တွင် အင်းစိန်အကျဉ်းထောင်မှ ပြန်လည်လွတ်မြောက်လာကြောင်း မျက်မြင်တွေ့ရှိသူတစ်ဦးမှ ပြောကြားသည်။
ဖဒိုမန်းငြိမ်းမောင်ကို ၂၀၁၁ ဇူလိုင်လတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ဖမ်းဆီးခဲ့ပြီး ၂၀၁၂ မတ်လ ၁၃ ရက်နေ့က နိုင်ငံတော်ပုန်ကန်မှု၊ မတရားအသင်း ဆက်သွယ်မှုများဖြင့် ထောင်ဒဏ် တစ်သက်တစ်ကျွန်းချမှတ်ထားရာမှ ၆ ရက်အကြာ မတ်လ ၁၉ ရက်နေ့တွင် အင်းစိန်အကျဉ်းထောင်မှ ပြန်လည်လွှတ်ပေးလိုက်ခြင်းကြောင့် အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအကြား ငြိမ်းချမ်းရေးဆွေးနွေးမှုများကို အထောက်အပံ့ဖြစ်စေနိုင်ကြောင်း နိုင်ငံရေးလေ့လာသူတစ်ဦးမှ ဆိုသည်။
ကရင်အမျိုးသားအစည်းအရုံးမှ ငြိမ်းချမ်းရေးအဖွဲ့ခေါင်းဆောင် ပဒိုဒေးဗစ်ထောက “ အစိုးရအဖွဲ့အနေနဲ့ ပြည်နယ်အဆင့်ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ ကျွန်တော်တို့တောင်းဆိုထားတဲ့ ဖဒိုမန်းငြိမ်းမောင်အားလွှတ်ပေးရေးဆိုတဲ့ အချက်ကိုလိုက်လျောလိုက်တဲ့အတွက် အများကြီးကြိုဆိုပါတယ် ” ဟု ပြောကြားသည်။
ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)မှ နိုင်ငံခြားရေး ဒုတာဝန်ခံ ရွှေမျိုးသန့်မှ “ ဖဒိုမန်းငြိမ်းမောင်ကိုစတင်စီရင်ချက်ချတုံးက အစိုးရအနေနဲ့ ဒီလိုဆက်လုပ်သွားမယ်ဆိုရင် ငြိမ်းချမ်းရေး လုပ်ငန်းတွေကရော စစ်မှန်ပါ့မလားလို့ ကျွန်တော်တို့မြင်ပါတယ်၊ ခုလိုပြန်လည်လွတ်မြောက်လာတဲ့အတွက် ကျွန်တော်တို့အများကြီးကြိုဆိုပါတယ်၊ KNU အတွက်တင်မဟုတ်ပဲ ငြိမ်းချမ်းရေးဆွေးနွေးရေးလုပ်နေတဲ့ အဖွဲ့တွေအားလုံးအတွက်ပါ အထောက်ကူဖြစ်စေနိုင်ပါတယ် ” ဟုပြောကြားသည်။
မြန်မာအစိုးရငြိမ်းချမ်းရေးဖော်ဆောင်ရေး ကိုယ်စားလှယ်အဖွဲ့နှင့် ကရင်အမျိုးသားစည်းရုံး (KNU)မှ ငြိမ်းချမ်းရေးဖော်ဆောင်ရေးကိုယ်စားလှယ်အဖွဲ့တို့ ဧပြီလဆန်းပိုင်းတွင် ထိုင်းနိုင်ငံမဲဆောက်မြို့တွင် အလွတ်သဘောတွေ့ဆုံမှုပြုလုပ်ရန်ရှိပြီး အဆိုပါတွေ့ဆုံမှုတွင် ဖဒိုမန်းငြိမ်းမောင်အားတရားဝင် လွှဲပြောင်းပေးအပ်သွားဖွယ်ရှိကြောင်း သိရသည်။
၂၀၁၂ ဇန်နဝါရီလ ၁၄ ရက်နေ့က ပြည်ထဲရေးဝန်ကြီးဌာနတွင်းကျင်းပသော သတင်းစာရှင်းလင်းပွဲတွင် ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကိုကိုက ကရင်အမျိုးသားအစည်းအရုံး ဗဟိုကော်မတီဝင် ဖဒိုမန်းငြိမ်းမောင်ကို ပထမအဆင့်အနေဖြင့် တရားဥပဒေနှင့်အညီ အရေးယူမှုများ ပြုလုပ်သွားမည်ဖြစ်ပြီး ဒုတိယအဆင့်အနေဖြင့် လွတ်ငြိမ်းချမ်းသာခွင့်ကို စဉ်းစားပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

Sunday, 18 March 2012

ရန်ကုန်မှ စင်္ကာပူသို့ ပျံသန်းသွားသည့် Silk Air လေယာဉ်စက်ချို့ယွင်းမှုကြောင့် ရန်ကုန်သို့ ပြန်လည်ဆင်းသက်ခဲ့ရ

ရန်ကုန်မှ စင်္ကာပူသို့ ပျံသန်းသည့် Slik Air လေကြောင်းလိုင်းပိုင် လေယာဉ်တစ်စီးသည် မတ်လ ၁၁ရက်နေ့တွင် ရန်ကုန်မှ ထွက်ခွာပြီး မိနစ်အနည်းငယ်အကြာတွင် စက်ချို့ယွင်းမှုဖြစ်ပေါ်ခဲ့သောကြောင့် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ပြန်လည်ဆင်းသက်ခဲ့ရကြောင်း အဆိုပါလေယာဉ်ဖြင့် လိုက်ပါခဲ့သူ တစ်ဦးမှ ပြောကြားသည်။

လေယာဉ်ပေါ်တွင် လိုက်ပါသွားသူအမျိုးသားတစ်ဦးက “ လေယာဉ်က ရန်ကုန်လေဆိပ်က ထွက်ခွာပြီး နာရီဝက်ဝန်းကျင်လောက်မှာ လေယာဉ်က တအားခါလာတော့ လေယာဉ်ပေါ်ပါလာတဲ့ခရီးသည် တွေက ကြောက်ကုန်ကြတယ် ပြီးတော့ စင်္ကာပူကို ဆက်လက်ပျံသန်းခြင်းမပြုတော့ဘဲ ရန်ကုန်လေဆိပ်ကိုပြန်လည်ဆင်းသက်မယ်ဆိုတာ သိရတယ်” ဟု ပြောကြားသည်။

မတ်လ ၁၁ ရက်နေ့တွင် ရန်ကုန်မှ စင်္ကာပူသို့ မြန်မာနိုင်ငံသား ၂၀ ဦးကျော်နှင့် နိုင်ငံခြားသား ၁၂၀ ဦးကျော် စုစုပေါင်း ခရီးသည် ၁၄၈ ဦးတင်ဆောင်ကာ ပျံသန်းသွားသော Silk Air လေကြောင်းလိုင်းမှ Air Bus 320 အမျိုးအစား လေယာဉ်သည် ရန်ကုန်လေဆိပ်မှ ထွက်ခွာပြီး မိနစ် ၃၀ အကြာတွင် စက်ပိုင်းဆိုင်ရာ ချို့ယွင်းချက် ဖြစ်ပေါ်ခဲ့သောကြောင့် စင်္ကာပူသို့ ဆက်လက်ပျံသန်းနိုင်ခြင်းမရှိဘဲ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ အရေးပေါ်ပြန်လည်ဆင်းသက်ခဲ့ရကြောင်း Silk Air လေကြောင်းလိုင်း လေယာဉ်လက်မှတ်အရောင်းဌာနမှ အတည်ပြုပြောကြားသည်။

အထက်ပါ ကိစ္စပေါ်ပေါက်ခဲ့ခြင်းကြောင့် အဆိုပါလေယာဉ်သည် စင်္ကာပူသို့ ပျံသန်းပြေးဆွဲနိုင်ခြင်း မရှိသဖြင့် လေယာဉ်လက်မှတ်ဝယ်ယူထားသူများအား မတ်လ ၁၁ ရက်နေ့တွင် ညအိပ်တည်းခိုနိုင်ရန် Silk Air လေကြောင်းလိုင်းမှ ရန်ကုန်မြို့ရှိ Traders Hotel၊ Sedona Hotel၊ Park Royal Hotel နှင့် Myanmar Life Hotel တို့တွင် စီစဉ်ပေးခဲ့ပြီး မတ်လ ၁၂ ရက်နေ့ မနက် ၁၀ နာရီ ၁၅ မိနစ်အချိန်တွင် Slik Air လေကြောင်းလိုင်းပိုင်လေယာဉ်တစ်စီးဖြင့် အစားထိုးပို့ဆောင်ပေးခဲ့ကြောင်း တာဝန်ရှိသူတစ်ဦးမှ ပြောကြားသည်။

Silk Air လေကြောင်းလိုင်းသည် ၁၉၉၀ခုနှစ်မှစတင်ကာ မြန်မာနိုင်ငံတွင်လေကြောင်းလိုင်း ဝန်ဆောင်မှုကိုဆောင်ရွက်ပေးနေပြီး ယခုအချိန်တွင် ရန်ကုန်-စင်္ကာပူ ခရီးအစဉ် အပါအဝင် နိုင်ငံပေါင်း ၃၉ နိုင်ငံသို့ Air Bus အမျိုးအစား လေယာဉ် ၁၉ စီးဖြင့် ပျံသန်းပြေးဆွဲပေးလျက်ရှိကြောင်း သိရသည်။

ဧပြီလ ၂ ရက်နေ့မှစတင်ကာ Ipay ကတ်ဖြင့်ငွေပေးချေပြီး ဘတ်(စ်)ကားစီးနိုင်မည်

ဘတ်(စ်)ကားစီးရာတွင် ကြိုတင်ငွေဖြည့်ကတ် Ipay ကတ်ဖြင့် ငွေပေးချေခြင်းကို ဧပြီ ၂ ရက်နေ့မှစတင်ကာ ပါရမီ အဓိပတိ (အပြာ) ယာဉ်လိုင်းတွင် စတင်စမ်းသပ်မည်ဖြစ်ကြောင်း ပါရမီယာဉ်လိုင်းမှ မိုလ်မှူးကြီးမျိုးမြင့်(ငြိမ်း) ကပြောကြားသည်။

ကစ္စပနဒီနှင့် ပါရမီယာဉ်လိုင်းတို့ ပူးပေါင်း ဘတ်(စ်)ကားစီးရာတွင် ကြိုတင်ငွေဖြည့်ကတ်ဖြင့် ငွေပေးချေခြင်းလုပ်ငန်းကို အကောင်အထည်ဖော်ရန် ပါရမီအဓိပတိ(အပြာ)ယာဉ်လိုင်းမှ ယာဉ်နောက်လိုက်များကို မတ်လ ၁၇ ရက်နေ့မှစတင်ကာ စက်အသုံးပြုနည်းများကို သင်ကြားလျက်ရှိပြီး ဧပြီလ ၂ ရက်နေ့မှစတင်ကာ အဓိပတိ (အပြာ)ယာဉ်လိုင်းမှကား ၁၀ စီးတွင်စတင်စမ်းသပ်မည်ဖြစ်ကြောင်း သိရသည်။

ကြိုတင်ငွေဖြည့်ကတ် Ipay ကတ်များကို ယာဉ်နောက်လိုက်များနှင့် Ipay ကတ်အရောင်း ကောင်တာများတွင် ဝယ်ယူနိုင်ပြီး ပထမဆုံးဝယ်ယူသောကတ်ကို ၁၀၀၀ ကျပ်ဖြင့်စတင်ရောင်းချမည်ဖြစ်ပြီး ကတ်တန်ဖိုး ၃၀၀ နှင့် သုံးစွဲနိုင်သောငွေ ၇၀၀ ကျပ်ထည့်သွင်းပေးထားမည်ဖြစ်ပြီး ငွေထပ်မံဖြည့်သွင်းလိုသူများအနေဖြင့် ယာဉ်နောက်လိုက်များနှင့် Ipay ကတ်အရောင်းကောင်တာများတွင် ၁၀၀၀ မှ ၅၀၀၀ ကျပ်အထိ ထည့်သွင်းနိုင်ပြီး ၅၀၀၀ ကျပ်နှင့် အထက်ထည့်သွင်းမည်ဆိုပါက လျှို့ဝှက်နံပါတ်အား ရိုက်သွင်းရန်လိုအပ်ပြီး ငွေပမာဏအများဆုံး တစ်သိန်းကျပ်အထိ ကတ်ထဲတွင်ထည့်သွင်းထားနိုင်သည်ဟု ဆိုသည်။

ကစ္စပနဒီမှ တာဝန်ရှိသူတစ်ဦးက “ Ipay ကတ်စတင်ဝယ်ယူသူများအနေနဲ့ ကတ်ဝယ်ယူပြီးပါက မိမိကတ်ထဲမှာထည့်ထားတဲ့ပိုက်ဆံ လုံ့ခြုံရေးအတွက် နီးစပ် Ipay ကတ်အရောင်းကောင်တာများတွင် မူလကုတ်နံပါတ် 1234 ကို မိမိနှစ်သက်ရာ ကုတ်သို့ ပြောင်းလဲရန်အရေးကြီးတယ်၊ ကတ်ဝယ်ပြီး ၃ လ အသုံးမပြုဘဲထားရင် ကတ်အသုံးပြုမှုပိတ်သွားမှာဖြစ်ပြီး ပြန်လည်အသုံးပြုလိုပါက နီးစပ်ရာ Ipay ကတ်အရောင်းကောင်တာများတွင် ကုတ်နံပါတ်ပြန်လည်ရိုက်ထည့်ပြီး ကတ်အသုံးပြုခွင့်ပြန်လည် ဖွင့်လှစ်ရမှာဖြစ်တယ်” ဟု ပြောကြားသည်။

ဧပြီလ ၂ ရက်နေ့တွင် အဓိပတိ(အပြာ) ယာဉ်လိုင်း ၁၀ စီးတွင်းစတင်စမ်းသပ်မည့် Ipay ကတ်ဖြင့်ငွေပေးချေသည့် စနစ်တွင် ယာဉ်စီးခဘောင်ချာကိုစက်မှထုတ်ပေးမည်ဖြစ်ပြီး ထိုဘောင်ချာအား ခရီးသည်များမှသိမ်းထားရန်လိုအပ်ပြီး ဘောင်ချာနံပါတ်ဖြင့် ကံစမ်းမဲပြန်လည်ပေးအပ်သွားမည်ဖြစ်ကြောင်း ပါရမီယာဉ်လိုင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။