မြန်မာနိုင်ငံရှိလူငယ်များ
အသိပညာဗဟုသုတပြန့်ပွားစေရန် ဧရာဝတီတိုင်းဒေသကြီး မြောင်းမြမြို့တွင် လူငယ်အရည်သွေးမြှင့်သင်တန်းဖွင့်လှစ်ရန်
စီးစဉ်ထားကြောင်း ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသား သမဂ္ဂများအဖွဲ့ချုပ်မှ တိုင်းရင်းသားရေးရာတာဝန်ခံ
ကိုနန္ဒာစစ်အောင်က ပြောသည်။
`ကျွန်တော်တို့
နိုင်ငံမှာရှိတဲ့လူငယ်တွေရဲ့ အရည်အသွေးကိုမြှင့်တင်ဖို့အတွက် ပညာရေးဖောင်ဒေးရှင်းတစ်ခုကို
တည်ထောင်ဖို့စီစဉ်ထားတာရှိတယ် ကျွန်တော်တို့အစီအစဉ်တွေဆွဲထားတယ် အဲ့ဒီအစီအစဉ်ကို ကျွန်တော်တို့က
မြောင်းမြမှာ ပထမဆုံးအနေနဲ့ လူငယ်အရည်အသွေးမြှင့်သင်တန်းဆိုပြီး ဖွင့်လှစ်သွားမှာပါ´
ဟု ကိုနန္ဒာစစ်အောင်က ပြောသည်။
မြောင်မြတွင်ဖွင့်လှစ်မည့်
လူငယ်အရည်အသွေးမြှင့်သင်တန်းတွင် မြန်မာနိုင်ငံ၏ပြောင်းလဲနေသော နိုင်ငံရေးစနစ်နှင့်
တိုးတက်ပြောင်းလဲလာသော အိုင်တီနည်းပညာခေတ်ထဲတွင် မြန်မာနိုင်ငံသူ၊ နိုင်ငံသားများ နောက်ကျမကျန်ခဲ့စေရန်
အင်တာနက်သုံးစွဲမှုနည်းပညာရပ်များအပြင် နိုင်ငံသူနိုင်ငံသားများအတွက် အကျိုးရှိနိုင်သော
အခြားသော သင်ခန်းစာများကိုထည့်သွင်းသင်ကြားသွားမည်ဖြစ်ကြောင်း သိရသည်။
ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်မှ
တွဲဖက်အတွင်းရေးမှူး ကိုအောင်အောင်ကျော်က `မြောင်းမြမှာဖွင့်မယ့် လူငယ်အရည်အသွေးမြှင့်သင်တန်းမှာ
ကျွန်တော်အပါအ၀င် ကိုနန္ဒာစစ်အောင်၊ ကိုမင်းသွေးသစ်၊ ဘလောဂါ ကိုနေဘုန်းလတ်၊ ကိုလွင်ကိုလတ်နှင့် တခြားသော
တက်ကျွမ်းသူတွေက သင်ကြားပေးသွားမှာဖြစ်ပြီး သမိုင်းဖြစ်စဉ်များ၊ ဖွဲ့စည်းပုံအခြေခံဥပဒေ၊
နိုင်ငံရေးသိပ္ပံနှင့် အိုင်တီနည်းပညာပိုင်းဆိုင်ရာ တို့ကို သင်ကြားပေးသွားမှာပါ´ ဟုဆိုသည်။
မြောင်းမြမြို့တွင်ဖွင့်လှစ်မည့်
လူငယ်အရည်အသွေးမြှင့်တင်ရေးသင်တန်းကို အသက် ၁၆ နှစ်မှ ၃၅ နှစ်ကြား လူငယ်များတက်ရောက်နိုင်ပြီး
သင်ကြားမည့်မှုပုံစံသည် ဆရာနှင့် တပည့်များကဲ့သို့ တစ်ဖက်တည်းသွားသည့် သင်ကြားမှုပုံစံမျိုးမဟုတ်ပဲ
နှစ်ဦးနှစ်ဖက် မိမိတက်ကျွမ်းထားသည်များကို အသိပညာဖြန့်ဝေသည့်ပုံစံမျိုး ဆွေးနွေးသင်ကြားသွားမည်ဖြစ်ကြောင်း
သိရသည်။
`သင်တန်းဖွင့်လှစ်ရတဲ့ရည်ရွယ်ချက်ကတော့
မြန်မာ့နိုင်ငံရေးဖြစ်ပေါ်ပြောင်းလဲမှုတွေမှာ လူငယ်တွေက မိမိတို့နဲ့မသက်ဆိုင်ဟု ဆိုယူဆနေခြင်းကို
ကျွန်တော်တို့က နိုင်ငံရေးလုပ်ငန်းစဉ်တွင် လူတိုင်းသည်မိမိနှင့် သက်ဆိုင်ကြောင်းကို
သိရှိသွားစေရန်နှင့် သမိုင်းကဖြစ်စဉ်များကိုသိရှိနားလည်နိုင်စေရန် ဖြစ်သည် ´ ကိုအောင်အောင်ကျော်က
ဆက်လက်ပြောကြားသည်။
ဗမာနိုင်ငံလုံးဆိုင်ရာ
ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်မှ ခေါင်းဆောင်များ သင်တန်းဖွင့်လှစ်ရာတွင်ပါဝင်ခြင်းမှာ
ယခုအကြိမ်သည် ပထမဆုံးအကြိမ်ဖြစ်ပြီး မြောင်းမြမြို့တွင်ဖွင့်လှစ်မည့်သင်တန်းသို့ ဧရာဝတီတိုင်းဒေသကြီးမှ
တက်ရောက်ရန် စာရင်းပေးထားသူ ၁၀၀ ရာကျော်ရှိပြီး သင်တန်းကာလကို ၁၂ ရက်သတ်မှတ်ထားပြီး
တစ်ရက်လျှင် ၆ နာရီကြာသင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂအဖွဲ့ဝင်များသည်
မြောင်းမြမြို့တွင်ဖွင့်လှစ်မည့် သင်တန်းအပြီးတွင် မန္တလေးမြို့တွင်ကျင်းပမည့် ရှစ်လေးလုံးနှစ်ပတ်လည်အခမ်းအနားသို့တက်ရောက်ရန်
စီစဉ်ထားကြောင်းသိရသည်။
