Tuesday, 17 July 2012

ရှစ်လေးလုံးနှစ်ပတ်လည်အခမ်းအနား မန္တလေးမြို့တွင် ကျင်းပပြုလုပ်မည်

       ၈၈ မျိုးဆက်ကျောင်းသားများနှင့် ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂတို့ ပူးပေါင်းပြီး ရှစ်လေးလုံးနှစ်ပတ်လည် အခမ်းအနားကို မန္တလေးမြို့တွင်ကျင်းပပြုလုပ်ရန် စီစဉ်နေကြောင်း ဗ.က.သများအဖွဲ့မှ ကိုအောင်အောင်ကျော်က ပြောကြားသည်။
          မန္တလေးမြို့တွင် ရှစ်လေးလုံးနှစ်ပတ်လည်အခမ်းအနားကျင်းပရန် အစည်းအဝေးကို ယနေ့ (ဇူလိုင် ၁၆) ရက်နေ့တွင် မန္တလေးမြို့၌ ၈၈ မျိုးဆက်ကျောင်းသားများ၊ ဗ.က.သအဖွဲ့ဝင်များနှင့် မန္တလေးဒေသခံပြည်သူများ တက်ရောက်ခဲ့ဆွေးနွေးခဲ့ကြောင်း ၄င်းမှဆက်လက်ပြောကြားသည်။
          “ကျွန်တော်တို့ဒီနေ့လုပ်တဲ့အစည်းအဝေးကို ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့မှ ကိုမင်းကိုနိုင်၊ ကိုဗသက်အောင်၊ ကိုမျိုးအောင်နိုင်၊ ဗ.က.သများအဖွဲ့မှ ကိုနန္ဒာစစ်အောင်၊ ကိုမိုးထက်နေတို့ တက်ရောက်ခဲ့ကြပါတယ်၊ ကျွန်တော်တို့ ရှစ်လေးလုံးနှစ်ပတ်လည် အခမ်းအနား ကျင်းပဖို့စီစဉ်ရတဲ့ အကြောင်းအရင်းက နောက်ကြောင်းပြန်လှည့်ဖို့အတွက် လုပ်တဲ့သဘောမျိုး မဟုတ်ပါဘူး၊ ဒီမိုကရေစီ စနစ်ကိုသွားတဲ့အခါမှာ ကောင်းတဲ့သမိုင်းတွေကိုပဲမှတ်တမ်းတင်ထားပြီး မကောင်းတဲ့မှတ်တမ်းတွေကိုတော့ မေ့ထားလို့မရပါဘူး’’ ဟု ကိုအောင်အောင်ကျော်ကဆိုသည်။
          မန္တလေးမြို့တွင် ကျင်းပမည့် ရှစ်လေးလုံးနှစ်ပတ်လည် အခမ်းအနားတွင် ကျန်ရှိနေသော နိုင်ငံရေးအကျဉ်းသားများ အမြန်ဆုံးပြန်လည်လွှတ်ပေးရေး၊ ပြည်တွင်းငြိမ်းချမ်းရေး အမြန်ဆုံးရရှိရန် ဆောင်ရွက်ပေးရန်နှင့် မြန်မာနိုင်ငံ ဒီမိုကရေစီနေ့ကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ပြုလုပ်ပေးရန်ဆိုသည့် တောင်းဆိုမှု သုံးခုကို တာဝန်ရှိသူများထံ တင်ပြတောင်းဆိုသွားမည်ဖြစ်ကြောင်း သိရသည်။
          ရန်ကုန်မြို့တွင် ကျင်းပရန်စီစဉ်ခဲ့သည့် 7 July အခမ်းအနားအား တာဝန်ရှီသူများမှ တားဆီးမှုများရှိခဲ့ပြီး ဗ.က.သကျောင်းသား ခေါင်းဆောင်အချို့ကို ဂျူလိုင် ၆ ရက်နေ့ညတွင် တာဝန်ရှိသူများမှ ခေတ္တထိန်းသိမ်းခဲ့ကြပြီး ဂျူလိုင် ၇ ရက်နေ့ ညပိုင်းတွင် ပြန်လည်လွှတ်ပေးခဲ့သည်။

No comments: