Tuesday, 27 March 2012

ပြည်ပသို့ရောက်ရှိနေသောမြန်မာနိုင်ငံသား ၂၃ သိန်းကျော် နေရပ်ပြန်အလုပ်လုပ်နိုင်ရန် ဆောင်ရွက်ပေးမည်

မြန်မာနိုင်ငံမှ ပြည်ပနိုင်ငံများသို့ အကြောင်းအမျိုးမျိုးကြောင့် ရောက်ရှိနေသော မြန်မာနိုင်ငံသား ၂၃ သိန်းကျော်ရှိသည့် အနက် နေရပ်ပြန်လည်လာရောက်လိုသူများအတွက် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးသွားမည်ဖြစ်ကြောင်း ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်မှုအဖွဲ့ခေါင်းဆောင် ဦးအောင်မင်းက မတ်လ ၇ ရက်နေ့တွင်ပြုလုပ်သော ကရင်နီအမျိုးသား တိုးတက်ရေးပါတီနှင့် အပစ်အခတ်ရပ်စဲရေးလက်မှတ်ထိုးပွဲအပြီး ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။

ပြည်ပနိုင်ငံများသို့ ရောက်ရှိနေသော မြန်မာနိုင်ငံသားများ နေရပ်ပြန်အလုပ် လုပ်ကိုင်နိုင်ရန် နယ်စပ်ဒေသများတွင် စက်မှုဇုန်များထူထောင်ပြီး စက်ရုံအလုပ်ရုံများတည်ဆောက်သွားမည်ဖြစ်ရာ အလုပ်သမားအများအပြား အလုပ်ကိုင်အခွင့် အလမ်းရရှိစေနိုင်သော စက်ရုံများကို ဦးစားပေးတည်ဆောက်သွားမည်ဖြစ်ပြီး အခြားနိုင်ငံများမှ စက်ရုံများကဲ့သို့ နယ်စပ်ဒေသများတွင် စက်ရုံများလာရောက်ဖွင့်လှစ်ရန် နိုင်ငံခြားလုပ်ငန်းရှင်များအား ကမ်းလှမ်းထားပြီး အခြားနိုင်ငံများနည်းတူ လုပ်ကိုင်ဆောင်ရွက်ခွင့်များ ပေးသွားမည်ဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

“ ထိုင်းနိုင်ငံမှာရှိတဲ့စက်ရုံတွေမှာ အလုပ်လုပ်ကိုင်နေကြတဲ့ မြန်မာနိုင်ငံသားတွေဟာ တစ်နေ့ကို ဘတ် ၈၀ ကနေ ၁၂၀ ကြားရနေပါတယ်။ ဒီအချိန်မှာ ထိုင်းနိုင်ငံသားတစ်ဦးရဲ့လုပ်ခက အနည်းဆုံး ဘတ်၂၀၀ ရရှိနေတယ် ဒါကြောင့် မြန်မာနိုင်ငံသားတွေအနေနဲ့ ဒီမှာဘတ် ၂၀၀ ရမယ်ဆိုရင် အဆင်ပြေတာပေါ့” ဟု ဦးအောင်မင်းက ဆိုသည်။

ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်မှုအဖွဲ့ ဒုတိယအဖွဲ့ခေါင်းဆောင် ဦးစိုးသိန်းက ၄င်းတို့အဖွဲ့အနေနှင့် ယခုအချိန်တွင် ဆောင်ရွက်ပေးနိုင်သည်မှာ နယ်စပ်ဒေသများသို့ ရောက်ရှိနေသော ဒုက္ခသည်များ နေရပ်ပြန်အလုပ်လုပ်ကိုင်နိုင်ရန်အတွက် နပ်စပ်ဒေသများတွင် အသေးစားနှင့် အလတ်စား စက်မှုလုပ်ငန်းများ ဖော်ဆောင်ပေးသွားမည်ဖြစ်ကြောင်း ကရင်နီအမျိုးသားတိုးတက်ရေးပါတီနှင့် ပြည်နယ်အဆင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲတွင် ကတိပြု ပြောကြားခဲ့သည်။

မြန်မာနိုင်ငံမှ ပြည်ပနိုင်ငံများသို့ရောက်ရှိနေသူ ၂၃ သိန်းကျော်တွင် ကာလကြာရှည်စွာဖြစ်ပွားခဲ့သော ပြည်တွင်း စစ်ပွဲများကြောင့် နေရပ်ဒေသများတွင် လုံခြုံမှုမရှိသဖြင့် ထွက်ပြေးတိမ်းရှောင်နေသူ ၄၄၆,၀၀၀ ကျော်၊ နယ်စပ်ဒေသများရှိ ဒုက္ခသည်စခန်းများတွင် ၃၄၆,၀၀၀ကျော်နှင့် အကြောင်းအမျိုးမျိုးကြောင့် ပြည်ပနိုင်ငံများတွင် သွားရောက်အလုပ်လုပ်ကိုင်နေသူ ၂ သန်းကျော်ရှိကြောင်း ၎င်းတို့၏အဆိုအရ သိရသည်။

ကချင်ပြည်နယ်တွင်းဒေသများတွင်လည်း ဧပြီလ ၁ ရက်နေ့တွင် ရွေးကောက်ပွဲကျင်းပပေးရန် ကိုယ်စားလှယ်လောင်းများ အလိုရှိနေ

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ မတ်လ ၂၃ ရက်နေ့တွင် ထုတ်ပြန်ကြေငြာသော ကချင် ပြည်နယ်တွင်း ဒေသများတွင် ဧပြီလ ၁ ရက်နေ့တွင်ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲရက် အကန့် အသတ်မရှိ ရွှေ့ဆိုင်းမှုအား အစိုးရတာဝန်ရှိသူများမှ မူလရက်တွင် ပြန်လည်ကျင်းပနိုင်ရန် ဆောင်ရွက် ပေးနိုင်မည် ထင်ကြောင်း ကချင်ပြည်နယ်တွင်း လစ်လပ်မဲဆန္ဒနယ်မြေများတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် လွှတ်တော် ကိုယ်စားလှယ်လောင်းများမှ ပြောကြားသည်။

ကချင်ပြည်နယ်တွင်း လစ်လပ်မဲဆန္ဒနယ်မြေများဖြစ်ကြသော မိုးကောင်း၊ ဖားကန့်နှင့် ဗန်မော်မြို့နယ်များမှာ လုံခြုံရေးအခြေအနေအရ ဧပြီလ ၁ ရက်နေ့တွင် လွတ်လပ်တရားမျှတသော ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပရန် အခြေအနေမရှိသဖြင့် ကြားဖြတ်ရွေးကောက်ပွဲကျင်းပမှုကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်မှ ရက်အကန့်အသတ်မရှိ ရွှေ့ဆိုင်းလိုက်ကြောင်း မတ်လ ၂၃ ရက်နေ့က ကြေငြာချက်အမှတ် ၁၆/၂၀၁၂ ဖြင့် ထုတ်ပြန်လိုက်သည်။

အဆိုပါကြေငြာချက်ထုတ်ပြန်မှုနှင့် ပတ်သက်ပြီး မိုးကောင်းမြို့နယ်မှ ဝင်ရောက်ယှဉ်ပြိုင်မည့် တစ်သီးပုဂ္ဂလ လွှတ်တော်ကိုယ်စားလှယ်လောင်း KIA ခေါင်းဆောင်ဟောင်းတစ်ဦးဖြစ်သူ ဒေါက်တာ ဦးမနန်းတူဂျာက “ ကချင်ပြည်နယ်က ပြည်သူတွေက ဒီကြားဖြတ်ရွေးကောက်ပွဲကို ၂၀၁၀ ရွေးကောက်ပွဲ ထက်ပိုပြီး စိတ်ဝင်စားမှုများတယ် ခုလို ရွေးကောက်ပွဲကျင်းပမှုကိုရွှေ့ဆိုင်းလိုက်တော့ မဲဆန္ဒရှင်ပြည်သူတွေ ဧပြီလ ၁ ရက်နေ့မှာ ဆန္ဒမဲပေးဖို့ အားခဲထားတာတွေ ပျောက်မသွားအောင် အစိုးရတာဝန်ရှိသူတွေအနေနဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့် ညှိနှိုင်းပြီး ဧပြီလ ၁ ရက်နေ့မှာ ရွေးကောက်ပွဲ ကျင်းပပေးရင် ပိုကောင်းမယ်” ဟု ပြောကြားသည်။

ထို့နည်းတူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုရွေးကောက်ပွဲ အောင်နိုင်ရေးအဖွဲ့မှလည်း ရွေးကောက်ပွဲ ဖြစ်မြောက်ရေးကိစ္စကို KIA/KIO အဖွဲ့များနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဆွေးနွေး ညှိနှိုင်းရန်ဆန္ဒရှိပြီး ရွေးကောက်ပွဲကော်မရှင်မှသော်လည်းကောင်း၊ နိုင်ငံတော် အစိုးရမှသော်လည်းကောင်း လုပ်ဆောင်ပေးမည်ဆိုပါက ဧပြီလ ၁ ရက်နေ့တွင် ရွေးကောက်ပွဲပြုလုပ်နိုင်မည်ဟု ယုံကြည်ကြောင်း မတ်လ ၂၆ ရက်နေ့တွင် ကြေငြာလိုက်သည်။

Sunday, 25 March 2012

မြိတ်မှ ပြန်လည်ရောက်ရှိလာသော ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးမကောင်း

တနင်္သာရီတိုင်း မြိတ်ကျွန်းစုသို့ စည်းရုံးရေးခရီးစဉ် ထွက်ခွာလာစဉ် ဒေါ်အောင်ဆန်းစုကြည် လိုက်ပါသွားသော ရေယာဉ်သည် အပြန်ခရီးတွင် သောင်တင်သွားခြင်းကြောင့် မြိတ်မြို့သို့ ညမိုးချုပ်တွင်မှ ပြန်လည်ရောက်ရှိသွားကြောင်း ခရီးစဉ်တွင် လိုက်ပါသွားသူ သတင်းထောက် တစ်ဦးမှ ပြောကြားသည်။

ဧပြီလ ၁ ရက်နေ့တွင် ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေး ခရီးစဉ်အဖြစ် မတ်လ ၂၄ ရက်နေ့က မြိတ်ကျွန်းစုများသို့ စည်းရုံးရေးခရီးစဉ်ထွက်ခွာရန် စီစဉ်ထားသောခရီးစဉ်တွင် အမြန်ရေယာဉ် ငှားရမ်းမှု မရရှိသဖြင့် ရရှိသော ရေယာဉ်ဖြင့် ခရီးစဉ်သွားရောက်စဉ် အချိန်နှောင့်နှေးမှုကြောင့် စခန်းသစ် ကျွန်းစုသို့သာ သွားရောက်နိုင်ခဲ့ပြီး ကန်ပေါ်သို့ သွားရောက်ခြင်းမပြုခဲ့ဘဲ စခန်းသစ်မှ ပြန်လည် ထွက်ခွာလာစဉ် အပြန်လမ်းခရီးတွင် ဒေါ်အောင်ဆန်းစုကြည် လိုက်ပါလာသော ရေယာဉ်သည် သောင်တင်မှု ဖြစ်ပွားခဲ့သောကြောင့် ည ၁၀ နာရီဝန်းကျင်မှ မြိတ်မြို့သို့ ပြန်လည်ရောက်ရှိခဲ့ကြောင်း သိရသည်။

ဒေါ်အောင်ဆန်းစုကြည်သည် မြိတ်မြို့မှ ရန်ကုန်မြို့သို့ မတ်လ ၂၅ ရက်နေ့ညတွင် ပြန်လည် ရောက်ရှိခဲ့ပြီး ကျန်းမာရေး အခြေအနေကြောင့် မတ်လ ၂၇ ရက်နေ့နှင့် မတ်လ ၂၈ ရက်နေ့များတွင် မကွေးသို့သွားရောက်မည့် စည်းရုံးရေးခရီးစဉ် ထွက်ခွာရန် စီစဉ်ထားခြင်းအား ဖျက်သိမ်းကြောင်း အမျိုးသား ဒီမိုကရေးစီအဖွဲ့ချုပ် ရွေးကောက်ပွဲအောင်နိုင်ရေးအဖွဲ့မှ မတ်လ ၂၅ ရက်နေ့တွင် ထုတ်ပြန်လိုက်သည်။

Thursday, 22 March 2012

ဖဒိုမန်းငြိမ်းမောင်လွတ်မြောက်လာခြင်းသည် ငြိမ်းချမ်းရေးဆွေးနွေးမှုများကို အထောက်အကူဖြစ်နိုင်

ကရင်အမျိုးသားအစည်းအရုံး(KNU) ဗဟိုကော်မတီဝင် ဖဒိုမန်းငြိမ်းမောင်အား ထောင်ဒဏ် တစ်သက်တစ်ကျွန်းပြစ်ဒဏ်ကျနေရာမှ မတ်လ ၁၉ ရက်နေ့ မနက် ၇ နာရီ ၅၀ အချိန်တွင် အင်းစိန်အကျဉ်းထောင်မှ ပြန်လည်လွတ်မြောက်လာကြောင်း မျက်မြင်တွေ့ရှိသူတစ်ဦးမှ ပြောကြားသည်။
ဖဒိုမန်းငြိမ်းမောင်ကို ၂၀၁၁ ဇူလိုင်လတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ဖမ်းဆီးခဲ့ပြီး ၂၀၁၂ မတ်လ ၁၃ ရက်နေ့က နိုင်ငံတော်ပုန်ကန်မှု၊ မတရားအသင်း ဆက်သွယ်မှုများဖြင့် ထောင်ဒဏ် တစ်သက်တစ်ကျွန်းချမှတ်ထားရာမှ ၆ ရက်အကြာ မတ်လ ၁၉ ရက်နေ့တွင် အင်းစိန်အကျဉ်းထောင်မှ ပြန်လည်လွှတ်ပေးလိုက်ခြင်းကြောင့် အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအကြား ငြိမ်းချမ်းရေးဆွေးနွေးမှုများကို အထောက်အပံ့ဖြစ်စေနိုင်ကြောင်း နိုင်ငံရေးလေ့လာသူတစ်ဦးမှ ဆိုသည်။
ကရင်အမျိုးသားအစည်းအရုံးမှ ငြိမ်းချမ်းရေးအဖွဲ့ခေါင်းဆောင် ပဒိုဒေးဗစ်ထောက “ အစိုးရအဖွဲ့အနေနဲ့ ပြည်နယ်အဆင့်ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ ကျွန်တော်တို့တောင်းဆိုထားတဲ့ ဖဒိုမန်းငြိမ်းမောင်အားလွှတ်ပေးရေးဆိုတဲ့ အချက်ကိုလိုက်လျောလိုက်တဲ့အတွက် အများကြီးကြိုဆိုပါတယ် ” ဟု ပြောကြားသည်။
ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)မှ နိုင်ငံခြားရေး ဒုတာဝန်ခံ ရွှေမျိုးသန့်မှ “ ဖဒိုမန်းငြိမ်းမောင်ကိုစတင်စီရင်ချက်ချတုံးက အစိုးရအနေနဲ့ ဒီလိုဆက်လုပ်သွားမယ်ဆိုရင် ငြိမ်းချမ်းရေး လုပ်ငန်းတွေကရော စစ်မှန်ပါ့မလားလို့ ကျွန်တော်တို့မြင်ပါတယ်၊ ခုလိုပြန်လည်လွတ်မြောက်လာတဲ့အတွက် ကျွန်တော်တို့အများကြီးကြိုဆိုပါတယ်၊ KNU အတွက်တင်မဟုတ်ပဲ ငြိမ်းချမ်းရေးဆွေးနွေးရေးလုပ်နေတဲ့ အဖွဲ့တွေအားလုံးအတွက်ပါ အထောက်ကူဖြစ်စေနိုင်ပါတယ် ” ဟုပြောကြားသည်။
မြန်မာအစိုးရငြိမ်းချမ်းရေးဖော်ဆောင်ရေး ကိုယ်စားလှယ်အဖွဲ့နှင့် ကရင်အမျိုးသားစည်းရုံး (KNU)မှ ငြိမ်းချမ်းရေးဖော်ဆောင်ရေးကိုယ်စားလှယ်အဖွဲ့တို့ ဧပြီလဆန်းပိုင်းတွင် ထိုင်းနိုင်ငံမဲဆောက်မြို့တွင် အလွတ်သဘောတွေ့ဆုံမှုပြုလုပ်ရန်ရှိပြီး အဆိုပါတွေ့ဆုံမှုတွင် ဖဒိုမန်းငြိမ်းမောင်အားတရားဝင် လွှဲပြောင်းပေးအပ်သွားဖွယ်ရှိကြောင်း သိရသည်။
၂၀၁၂ ဇန်နဝါရီလ ၁၄ ရက်နေ့က ပြည်ထဲရေးဝန်ကြီးဌာနတွင်းကျင်းပသော သတင်းစာရှင်းလင်းပွဲတွင် ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကိုကိုက ကရင်အမျိုးသားအစည်းအရုံး ဗဟိုကော်မတီဝင် ဖဒိုမန်းငြိမ်းမောင်ကို ပထမအဆင့်အနေဖြင့် တရားဥပဒေနှင့်အညီ အရေးယူမှုများ ပြုလုပ်သွားမည်ဖြစ်ပြီး ဒုတိယအဆင့်အနေဖြင့် လွတ်ငြိမ်းချမ်းသာခွင့်ကို စဉ်းစားပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

Sunday, 18 March 2012

ရန်ကုန်မှ စင်္ကာပူသို့ ပျံသန်းသွားသည့် Silk Air လေယာဉ်စက်ချို့ယွင်းမှုကြောင့် ရန်ကုန်သို့ ပြန်လည်ဆင်းသက်ခဲ့ရ

ရန်ကုန်မှ စင်္ကာပူသို့ ပျံသန်းသည့် Slik Air လေကြောင်းလိုင်းပိုင် လေယာဉ်တစ်စီးသည် မတ်လ ၁၁ရက်နေ့တွင် ရန်ကုန်မှ ထွက်ခွာပြီး မိနစ်အနည်းငယ်အကြာတွင် စက်ချို့ယွင်းမှုဖြစ်ပေါ်ခဲ့သောကြောင့် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ပြန်လည်ဆင်းသက်ခဲ့ရကြောင်း အဆိုပါလေယာဉ်ဖြင့် လိုက်ပါခဲ့သူ တစ်ဦးမှ ပြောကြားသည်။

လေယာဉ်ပေါ်တွင် လိုက်ပါသွားသူအမျိုးသားတစ်ဦးက “ လေယာဉ်က ရန်ကုန်လေဆိပ်က ထွက်ခွာပြီး နာရီဝက်ဝန်းကျင်လောက်မှာ လေယာဉ်က တအားခါလာတော့ လေယာဉ်ပေါ်ပါလာတဲ့ခရီးသည် တွေက ကြောက်ကုန်ကြတယ် ပြီးတော့ စင်္ကာပူကို ဆက်လက်ပျံသန်းခြင်းမပြုတော့ဘဲ ရန်ကုန်လေဆိပ်ကိုပြန်လည်ဆင်းသက်မယ်ဆိုတာ သိရတယ်” ဟု ပြောကြားသည်။

မတ်လ ၁၁ ရက်နေ့တွင် ရန်ကုန်မှ စင်္ကာပူသို့ မြန်မာနိုင်ငံသား ၂၀ ဦးကျော်နှင့် နိုင်ငံခြားသား ၁၂၀ ဦးကျော် စုစုပေါင်း ခရီးသည် ၁၄၈ ဦးတင်ဆောင်ကာ ပျံသန်းသွားသော Silk Air လေကြောင်းလိုင်းမှ Air Bus 320 အမျိုးအစား လေယာဉ်သည် ရန်ကုန်လေဆိပ်မှ ထွက်ခွာပြီး မိနစ် ၃၀ အကြာတွင် စက်ပိုင်းဆိုင်ရာ ချို့ယွင်းချက် ဖြစ်ပေါ်ခဲ့သောကြောင့် စင်္ကာပူသို့ ဆက်လက်ပျံသန်းနိုင်ခြင်းမရှိဘဲ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ အရေးပေါ်ပြန်လည်ဆင်းသက်ခဲ့ရကြောင်း Silk Air လေကြောင်းလိုင်း လေယာဉ်လက်မှတ်အရောင်းဌာနမှ အတည်ပြုပြောကြားသည်။

အထက်ပါ ကိစ္စပေါ်ပေါက်ခဲ့ခြင်းကြောင့် အဆိုပါလေယာဉ်သည် စင်္ကာပူသို့ ပျံသန်းပြေးဆွဲနိုင်ခြင်း မရှိသဖြင့် လေယာဉ်လက်မှတ်ဝယ်ယူထားသူများအား မတ်လ ၁၁ ရက်နေ့တွင် ညအိပ်တည်းခိုနိုင်ရန် Silk Air လေကြောင်းလိုင်းမှ ရန်ကုန်မြို့ရှိ Traders Hotel၊ Sedona Hotel၊ Park Royal Hotel နှင့် Myanmar Life Hotel တို့တွင် စီစဉ်ပေးခဲ့ပြီး မတ်လ ၁၂ ရက်နေ့ မနက် ၁၀ နာရီ ၁၅ မိနစ်အချိန်တွင် Slik Air လေကြောင်းလိုင်းပိုင်လေယာဉ်တစ်စီးဖြင့် အစားထိုးပို့ဆောင်ပေးခဲ့ကြောင်း တာဝန်ရှိသူတစ်ဦးမှ ပြောကြားသည်။

Silk Air လေကြောင်းလိုင်းသည် ၁၉၉၀ခုနှစ်မှစတင်ကာ မြန်မာနိုင်ငံတွင်လေကြောင်းလိုင်း ဝန်ဆောင်မှုကိုဆောင်ရွက်ပေးနေပြီး ယခုအချိန်တွင် ရန်ကုန်-စင်္ကာပူ ခရီးအစဉ် အပါအဝင် နိုင်ငံပေါင်း ၃၉ နိုင်ငံသို့ Air Bus အမျိုးအစား လေယာဉ် ၁၉ စီးဖြင့် ပျံသန်းပြေးဆွဲပေးလျက်ရှိကြောင်း သိရသည်။

ဧပြီလ ၂ ရက်နေ့မှစတင်ကာ Ipay ကတ်ဖြင့်ငွေပေးချေပြီး ဘတ်(စ်)ကားစီးနိုင်မည်

ဘတ်(စ်)ကားစီးရာတွင် ကြိုတင်ငွေဖြည့်ကတ် Ipay ကတ်ဖြင့် ငွေပေးချေခြင်းကို ဧပြီ ၂ ရက်နေ့မှစတင်ကာ ပါရမီ အဓိပတိ (အပြာ) ယာဉ်လိုင်းတွင် စတင်စမ်းသပ်မည်ဖြစ်ကြောင်း ပါရမီယာဉ်လိုင်းမှ မိုလ်မှူးကြီးမျိုးမြင့်(ငြိမ်း) ကပြောကြားသည်။

ကစ္စပနဒီနှင့် ပါရမီယာဉ်လိုင်းတို့ ပူးပေါင်း ဘတ်(စ်)ကားစီးရာတွင် ကြိုတင်ငွေဖြည့်ကတ်ဖြင့် ငွေပေးချေခြင်းလုပ်ငန်းကို အကောင်အထည်ဖော်ရန် ပါရမီအဓိပတိ(အပြာ)ယာဉ်လိုင်းမှ ယာဉ်နောက်လိုက်များကို မတ်လ ၁၇ ရက်နေ့မှစတင်ကာ စက်အသုံးပြုနည်းများကို သင်ကြားလျက်ရှိပြီး ဧပြီလ ၂ ရက်နေ့မှစတင်ကာ အဓိပတိ (အပြာ)ယာဉ်လိုင်းမှကား ၁၀ စီးတွင်စတင်စမ်းသပ်မည်ဖြစ်ကြောင်း သိရသည်။

ကြိုတင်ငွေဖြည့်ကတ် Ipay ကတ်များကို ယာဉ်နောက်လိုက်များနှင့် Ipay ကတ်အရောင်း ကောင်တာများတွင် ဝယ်ယူနိုင်ပြီး ပထမဆုံးဝယ်ယူသောကတ်ကို ၁၀၀၀ ကျပ်ဖြင့်စတင်ရောင်းချမည်ဖြစ်ပြီး ကတ်တန်ဖိုး ၃၀၀ နှင့် သုံးစွဲနိုင်သောငွေ ၇၀၀ ကျပ်ထည့်သွင်းပေးထားမည်ဖြစ်ပြီး ငွေထပ်မံဖြည့်သွင်းလိုသူများအနေဖြင့် ယာဉ်နောက်လိုက်များနှင့် Ipay ကတ်အရောင်းကောင်တာများတွင် ၁၀၀၀ မှ ၅၀၀၀ ကျပ်အထိ ထည့်သွင်းနိုင်ပြီး ၅၀၀၀ ကျပ်နှင့် အထက်ထည့်သွင်းမည်ဆိုပါက လျှို့ဝှက်နံပါတ်အား ရိုက်သွင်းရန်လိုအပ်ပြီး ငွေပမာဏအများဆုံး တစ်သိန်းကျပ်အထိ ကတ်ထဲတွင်ထည့်သွင်းထားနိုင်သည်ဟု ဆိုသည်။

ကစ္စပနဒီမှ တာဝန်ရှိသူတစ်ဦးက “ Ipay ကတ်စတင်ဝယ်ယူသူများအနေနဲ့ ကတ်ဝယ်ယူပြီးပါက မိမိကတ်ထဲမှာထည့်ထားတဲ့ပိုက်ဆံ လုံ့ခြုံရေးအတွက် နီးစပ် Ipay ကတ်အရောင်းကောင်တာများတွင် မူလကုတ်နံပါတ် 1234 ကို မိမိနှစ်သက်ရာ ကုတ်သို့ ပြောင်းလဲရန်အရေးကြီးတယ်၊ ကတ်ဝယ်ပြီး ၃ လ အသုံးမပြုဘဲထားရင် ကတ်အသုံးပြုမှုပိတ်သွားမှာဖြစ်ပြီး ပြန်လည်အသုံးပြုလိုပါက နီးစပ်ရာ Ipay ကတ်အရောင်းကောင်တာများတွင် ကုတ်နံပါတ်ပြန်လည်ရိုက်ထည့်ပြီး ကတ်အသုံးပြုခွင့်ပြန်လည် ဖွင့်လှစ်ရမှာဖြစ်တယ်” ဟု ပြောကြားသည်။

ဧပြီလ ၂ ရက်နေ့တွင် အဓိပတိ(အပြာ) ယာဉ်လိုင်း ၁၀ စီးတွင်းစတင်စမ်းသပ်မည့် Ipay ကတ်ဖြင့်ငွေပေးချေသည့် စနစ်တွင် ယာဉ်စီးခဘောင်ချာကိုစက်မှထုတ်ပေးမည်ဖြစ်ပြီး ထိုဘောင်ချာအား ခရီးသည်များမှသိမ်းထားရန်လိုအပ်ပြီး ဘောင်ချာနံပါတ်ဖြင့် ကံစမ်းမဲပြန်လည်ပေးအပ်သွားမည်ဖြစ်ကြောင်း ပါရမီယာဉ်လိုင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

Friday, 16 March 2012

မင်္ဂလာတောင်ညွန့်မြို့နယ်မှ ဦးဝင်လှိုင်အား ခြိမ်းခြောက်မှုဖြင့် တိုင်ချက်ဖွင့်


မင်္ဂလာတောင်ညွန့်မြို့နယ်နေ ဦးဝင်းလှိုင်က ဒေါ်သန်းသန်းဌေးအား ခြိမ်းခြောက်ပြောဆိုမှုဖြင့် မင်္ဂလာတောင်ညွန့်မြို့နယ် ရဲစခန်းတွင် မတ်လ ၁၂ ၇က်နေ့က တိုင်ချက်ဖွင့်ခဲ့ကြောင်း အဆိုပါအမှုကို လိုက်ပါဆောင်ရွက်ပေးနေသူ အမျိုးသာဒီမိုကရေစီ အဖွဲ့ချုပ်အဖွဲ့ဝင် ဦးလှမင်းဦးက ပြောကြားသည်။

တောင်ညွန့်ရထားရပ်ကွက် လိုင်းအမှတ်(၁၅)၊ အခန်း(D) တွင်နေထိုင်သူ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင် ဦးဝင်းလှိုင်က လိုင်းအမှတ် (၁၃)၊ အခန်း(H) တွင် နေထိုင်သူ ဒေါ်သန်းသန်းဌေးအား“ခင်ဗျားသားက NLD ပါတီမှာ အရမ်းတက်ကြွနေပါလားဗျ၊ သူ့ပုံတွေကျုပ်တို့ဆီမှာ စီဒီတစ်ခွေစာရှိတယ် ထောင်ကျသွားချင်သလား ” ဟုမတ်လ ၇ ရက်နေ့တွင် ခြိမ်းခြောက်ပြောဆိုခဲ့ကြောင်း သိရသည်။

ဒေါ်သန်းသန်းဌေးတွင် သားနှစ်ယောက်ရှိပြီး သာအကြီးဇင်မျိုးလှိုင်မှာ မီးရထားဌာန ရန်ကုန်အကြီးတန်း ဒီဇယ်ဌာနတွင် တာဝန်ထမ်းဆောင်နေပြီး သားအငယ် ဌေးဝင်းလှိုင်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဝင်ရောက်ယှဉ်ပြိုင်မည့် မဖြူဖြူသင်း ကြားဖြတ်ရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် စည်းရုံးရေးလုပ်ငန်းစဉ်များကို ပါဝင်လုပ်ဆောင်ပေးနေကြောင်းသိရသည်။

အထက်ပါ အမှုဖွင့်တိုင်ကြားမှုနှင့်ပတ်သက်ပြီး မတ်လ ၂၈ ရက်နေ့တွင် အမှုစတင်စစ်ဆေးသွားမည်ဖြစ်ကြောင်းသိရသည်။

Wednesday, 14 March 2012

ကဗျာဆရာမှူးသစ်ရဲ့ ဆိုက်ကို ဆိုတဲ့ကဗျာလေးပါ

အယူအဆတွေဟာ ခဏခဏ ဘီးချော်တယ်။

အဆင်မပြေတဲ့နေမှု့ထိုင်မှု့တွေမှာ နေ့စဉ်နဲ့အမျှ ပြသာနာတစ်ခုလို

ခပ်ကြောင်ကြောင်တွေးတယ်။ ခပ်ကြောင်ကြောင်နေထိုင်တယ်။

လူဖြစ်ပြီး လူလိုမနေတတ်တဲ့....ဆိုက်.ကို

ခင်များတို့တွေ..ခင်များတို့တွေ ဘာကိုများတန်ဖိုးထားနေကြတာလဲ?

ငါးထောင်တန်ဆင်းကဒ်လား?ချယ်ရီကားပါမစ်လား?ရေမီးစုံ ကွန်ဒိုတိုက်ခန်းတစ်ခန်းလား? နိုင်ငံရေးပေါ့(ပ်)သတင်းတစ်ပုဒ်လား?

ဒါမှမဟုတ် Facebook ပေါ်ကအသံကောင်းတဲ့နိုင်ငံရေးသမားတစ်ယောက်ဘ၀လား?

ပြုပြင်ပြောင်းလဲရေးလား?အသွင်ကူးပြောင်ရေးလား?

ဒါမှမဟုတ်ရင် Democratization လား? Liberalizationလား Globalization လား

ဒါမှမဟုတ် ဗျုရိုကရေစီအမှုအကျင့်တွေလား? ဆိုရှယ်လစ်အကျင့်စရိုက်လား?

ဒါမှမဟုတ်ရင်လည်းအပေါစားအကယ်ဒမီပေးပွဲတစ်ခုလား?

ခင်များတို့တွေ..ခင်များတို့တွေ ဘာကိုများတန်ဖိုးထားနေကြတာလဲ?

အဲ့ဒါတွေအားလုံးဟာာာ ဆိုက်..ကို

ဟုတ်ပါပြီ။ " အခုဆိုရင်ဖြင့် ကမ္ဘာကြီးဟာ နှစ်သက်ရာ၊ရောင်းချ/စားသုံး/ယှဉ်ပြိုင်နိုင်တဲ့

Market ကြီးတစ်ခုဖြစ်နေပါပြီ။"ဆိုတဲ့အကြောင်း အရမ်းကာရော ပြောလိုက်တာ ဘယ်ပုဂ္ဂိုလ်များလဲ?

အဆိုပါသတင်းကိုထုတ်လွှင့်လို့မပြီးခင်မှာပဲ ရွာက ရေဒီယိုလေးပျက်သွားရှာတယ်။

ဟူးးးးးးးးးးးးးးးးး(လူတွေကိုမြင်နေရတာ အဆင်မပြေဘူးးးး)

ရန်ကုန်ဟာ သိပ်ယောက်ယက်ခတ်နေတဲ့မြို့ပဲ။

ကန်တော်ကြီးမှာ လူတွေသိပ်ရှုပ်တာပဲ၊အင်းယားကန်ဘောင်ပေါ်က ခုံတန်းတွေက တစ်ခါမှ လူမပြတ်ဘူး

နှစ်ရာတန်ဘတ်(စ်)ကားပေါ်မှာ ဖုန်းမြည်သံတွေခဏခဏကြားရတယ်၊

နှစ်ရာတန်ဘတ်(စ်)ကားပေါ်မှာ VCD ရိုက်ကွင်းတွေ ခဏခဏတွေ့ရတယ်။

ဒီလိုဆိုရင် နယ်စပ်မှာ တိုက်ပွဲတွေဖြစ်တယ်ဆိုတာ....

လွတ်ငြိမ်းချမ်းသာခွင့်သုံးကြိမ်ထဲမှာ အထည်ချုပ်ကကောင်မလေးတစ်ချို့ပါဝင်လာတာ

တိုင်ရီစက်ရုံကအလုပ်သမားတွေ ဆန္ဒပြနေကြတယ်ဆိုတာ..

ကျောင်းမနေဘူးတဲ့(၇)နှစ်သားအရွယ် ကလေးလေးတစ်ယောက် မြို့ပတ်ရထားပေါ်မှာ ကွမ်းယာဆေးလိပ်ရောင်းနေတာ

တုန်ချီနဲ့နေတဲ့အဘွားအိုတစ်ယောက် ပျောက်သွားတဲ့အိမ်ကလေးကို ပလက်ဖေါင်းပေါ်မှာ လိုက်ရှာနေတာ

အဲ့ဒီအဖြစ်ပျက်တွေက သိပ်ထူးဆန်းဖို့ကောင်းမနေဘူးလားးးး

လူတစ်ဦးခြင်းစီရဲ့ အယူအစတွေဟာ လူ့အဖွဲ့စည်းထဲက... လွတ်..ထွက်..ကုန်တယ်။

စားပွဲဝိုင်းနားကိုကပ်လာတဲ့ ကလေးတစ်ယောက်ရဲ့ ဆာလောင်မှုမျက်ဝန်းတွေကို

တောက်..ထုတ်ပစ်ဖို့ ခင်များကြိုးစားနေတာလားး?

ခင်များတို့တွေ..ခင်များတို့တွေ.. ဘာကိုများလိုချင်နေကြတာလဲ?

ဂုဏ်ထူးဆောင် ဘွဲ့တံဆိပ်တွေလား? လူကြိုက်များတဲ့ အလှုဒါနပြုမှုလား?

အောင်မြင်ကျော်ကြားမှုတွေလား?ဒါမှဟုတ် အောင်မြင်ကျော်ကြားသူတွေနဲ့ တွေဆုံရတာလား

ဘာဘာညာညာဖေါင်ဒေးရှင်း Show ပွဲတွေမှာ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးရတာလား?

ပဒေသရာဇ်၊ ဆိုရှယ်လစ်၊ အကျင့်ပျက်ဗျုရိုကရေစီစရိုက် သုံးမရတဲ့ အဲ့ဒီစရိုက်တွေက

တီရှပ်တစ်ထည် စွပ်ချလိုက်ရုံနဲ့ပျောက်သွားတာလား? ပင်နီတိုက်ပုံနဲ့ဆိုရင် အဆင်ပြေသွားတယ်လို့ထင်တာလား?

သွားးးးးးဗျာ အဲ့ဒီသုံးမရတဲ့ ဆိုက်ကို တွေ..။

မနေ့တုန်းက NLD တံဆိပ်စတေကာ ကပ်ထားတဲ့ ဗင်ကားတစ်စီးဟာ...

လူကူးမျဉ်းကျားပေါ်မှာ ကျွန်တော့်ကို ပွတ်ဆွဲသွားတယ်။

ပါတီကြီးကြီးတစ်ခုရဲ့ နိုင်ငံကျော်အဆိုတော် လွှတ်တော်ကိုယ်စားလှယ်လောင်းကြီးရဲ့

အချိုးမပြေတဲ့ ဆက်ဆံရေးကိုမြင်ရတာ စိတ်ပျက်တယ်။(အင်တာဗျူးတစ်ခု အပွိုင့်မန့်ယူစဉ်)

ဗိုလ်ချုပ်အောင်ဆန်းဓါတ်ပုံချိတ်ထားတဲ့ ဘတ်(စ်)ကားပေါ်က စပယ်ယာ ဟိန်းဟောက်တာ ခံရရင်

ပိုပြီးအသည်းနာတယ်။

လူအဖွဲ့စည်းဆိုတာ လိမ်စားလို့ကောင်းတဲ့ လိမ်စင်ကြီးတစ်ခုဖြစ်လာပြီ

ခံယူချက်ဆိုတာတွေက လျှောက်လွှာဖြည့်ရတာလောက် တန်ဖိုးမရှိတော့ဘူး

အဆင်မပြေလည်း မတတ်နိုင်ဘူးးး။ သဘောထားကွဲလွဲရတာကို သိပ်သဘောကျ ကြတယ်ပေါ့

လူတစ်ယောက်နဲ့လူတစ်ယောက်ရဲ့ အယူအစတွေဟာ ခဏခဏ ဘီးချော်နေမှာပဲ

ခင်များတို့ ပါစပ်ဖျားက ဒီမိုကရေစီဆိုတဲ့ စုပ်လုံး(သကြားလုံး)ဟာ

သိပ်ချိုနေကြတယ်မဟုတ်လားးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး

မှူးသစ်

28/2/2012.

Thursday, 8 March 2012

KNPP နှင့် မြန်မာအစိုးရ ပဏာမငြိမ်းချမ်းရေးလက်မှတ်ထိုး


ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းခေါင်းဆောင်သော ပြည်ထောင်စုအဆင့်ငြိမ်းချမ်းရေးဖော်ဆောင်မှုအဖွဲ့နှင့် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)မှ ဦးခူဦးရယ် ခေါင်းဆောင်သော ကိုယ်စားလှယ်အဖွဲ့တို့ လွိုင်ကော်မြို့ရှိ ကယားပြည်နယ်ဧည့်ရိပ်သာ ကန္ဒာရဝတီခန်းမဆောင်တွင် မတ်လ ၇ ရက်နေ့က နှစ်ဖက်သောအသိသက်သေများ ရှေ့မှောက်တွင် ပဏာမအဆင့်ငြိမ်းချမ်းရေး လက်မှတ်ရေးထိုးခဲ့ကြသည်။

ဦးခူဦးရယ်ခေါင်းဆောင်သော ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)ပါတီမှ ကိုယ်စာလှယ်များသည် ငြိမ်းချမ်းရေးကိစ္စရပ်များဆွေးနွေးရန် ကယားပြည်နယ်၊ လွိုင်ကော်မြို့သို့ မတ်လ ၆ ရက်နေ့တွင် ဝင်ရောက်လာခဲ့ရာ ဒေသခံပြည်သူ တစ်သောင်းကျော် လွိုင်ကော်လေဆိပ်တွင်သွားရောက်ကြိုဆိုခဲ့ကြပြီး အစိုးရအဖွဲ့သစ်လက်ထက် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များမှငြိမ်းချမ်းရေးဆွေးနွေးရန် မိမိဒေသသို့ပြန်လည် လာရောက်မှုကို ပြည်သူအများဆုံး သွားရောက်ကြိုဆိုခဲ့ခြင်းဖြစ်ကြောင်း ငြိမ်းချမ်းရေးအကျိုးဆောင်များထံမှ သိရသည်။

ပဏာမအဆင့် ငြိမ်းချမ်းရေးဆွေးနွေးမှုကို မတ်လ ၇ ရက်နေ့ နံနက် ၉ နာရီ မိနစ် ၃၀ တွင် ကယားပြည်နယ် ဧည့်ရိပ်သာတွင် ဆွေးနွေးခဲ့ရာ ကရင်နီအမျိုးသားတိုးတက်ရေးပါတီမှ တင်ပြခဲ့သည့် တောင်းဆိုချက် ၂၀ အား ဆွေးနွေးခဲ့ပြီး ဦးအောင်မင်းခေါင်းဆောင်သော ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့မှ ဆုံးဖြတ်ပေးနိုင်သည့် အချက်များအား လိုက်လျောခဲ့ပြီး ဆုံးဖြတ်ချက်မပေးနိုင်သည့်အချက်များကို နိုင်ငံတော် သမ္မတထံသို့ တင်ပြသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပြီး ညနေ ၃နာရီတွင် အချက်သုံးချက်ပါသည့် ပဏာမအဆင့်ငြိမ်းချမ်းရေး သဘောတူညီချက်စာလွှာကို နှစ်ဖက်သဘောတူလက်မှတ်ရေးထိုးခဲ့ပြီး သတင်းမီဒီယာများ၏မေးမြန်းမှုများကို နှစ်ဖက်တာဝန်ရှိသူများက ဖြေကြားခဲ့သည်။

ကရင်နီအမျိုးသားတိုးတက်ရေးပါတီနှင့် ယခုကဲ့သို့ သဘောတူ လက်မှတ်ရေးထိုးနိုင်ခဲ့ခြင်းကြောင့် ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းဦးဆောင်သော ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့ တာဝန်ယူထားသည့် တိုင်းရင်းသားလက်နက်ကိုင်ခြောက်ဖွဲ့နှင့် ငြိမ်းချမ်းရေးဆွေးနွေးမှုတွင် ပအို့(ဝ်)တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တစ်ခုနှင့်သာ ငြိမ်းချမ်းရေးဆွေးနွေးရန် ကျန်ရှိတော့သည်။

Monday, 5 March 2012

ကျပ်နှစ်သိန်းနှင့် နှစ်သိန်းခွဲဖုန်းကဒ် မတ်လ ၁၄ ရက်နေ့တွင်စတင်ချပေးမည်

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းနှင့် ပြည်တွင်းဖုန်းလုပ်ငန်း ၁၄ ခုပူးပေါင်းဆောင်ရွက် လျက်ရှိသော ပထမနှစ်တန်းဖိုးနည်းဖုန်း ချထားပေးရေး စီမံချက်ကို မတ်လ ၁၄ ရက်နေ့မှ စတင်ကာ ချထားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မတ်လ ၁၄ ရက်နေ့မှစတင်ကာ GSM တယ်လီဖုန်းများကို ကျပ်နှစ်သိန်းနှင့် CDMA-800 တယ်လီဖုန်းများကို နှစ်သိန်းခွဲနှုန်းဖြင့် ရောင်းချမည်ဖြစ်ကြောင်း မတ်လ ၅ ရက်နေ့က နေပြည်တော်တွင် မြန်မာ့ဆက်သွယ်ရေးနှင့် ပူးပေါင်းဆောင် ရွက်နေသော ပြည်တွင်းဖုန်းလုပ်ငန်းရှင်များ၏ရှေ့တွင် ပြောကြားခဲ့ကြောင်း နိုင်ငံတော်ပိုင် မီဒီယာများတွင် ဖေါ်ပြခဲ့သည်။

မတ်လ ၁ ရက်နေ့က ပြည်ထောင်စုလွှတ်တော်တွင်ပြောကြားသော နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ မိန့်ခွန်းတွင်ဆက်သွယ်ရေးလုပ်ငန်းများအား နိုင်ငံတကာစံချိန်စံနှုန်းများနှင့်အညီ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ထည့်သွင်း ပြောကြားခဲ့ပြီး ၄ ရက်အကြာ မတ်လ ၅ ရက်နေ့တွင် ယခုကဲ့သို့ ကျပ်နှစ်သိန်းနှင့် နှစ်သိန်းခွဲဖုန်းများချထားပေးမည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

မကြာမီထွက်ရှိလာမည့် တယ်လီဖုန်းများသည် မတ်လ ၁၄ ရက်နေ့နောက်ပိုင်းမှ ထွက်ရှိလာမည်ဖြစ်သဖြင့် တယ်လီဖုန်းခေါ်ဆိုခမှာ မနက် ၇ နာရီမှ ည ၁၁ နာရီထိ တစ်မိနစ်လျှင် ၅၀ ကျပ်နှင့် ည ၁၁ နာရီမှ မနက် ၇ နာရီထိ တစ်မိနစ်လျှင် ၂၅ ကျပ်နှုန်း ပေးဆောင်ရမည်ဖြစ်သည်။

Sunday, 4 March 2012

ရုပ်ရှင်အစည်းအရုံးအားပြန်လည်ဖွဲ့စည်းသွားမည်


မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးအား ဌာနဆိုင်ရာမှ ချုပ်ကိုင်မှုမရှိသော ၁၀၀ ရာခိုင်နှုန်း အစိုးရမဟုတ်သောအဖွဲ့အစည်း (NGO) အဖြစ်ပြောင်းလဲသွားမည်ဖြစ်ကြောင်း ဖေဖော်ဝါရီလ ၂၉ ရက်နေ့တွင် တော်ဝင်နှင်းဆီတွင် ကျင်းပသော ရုပ်ရှင်လောကသားများ အလွှာစုံ တွေ့ဆုံပွဲတွင် ဇင်ဝိုင်းမှ ပြောကြားခဲ့သည်။

ပျက်စီးယိုယွင်းနေသော မြန်မာနိုင်ငံရုပ်ရှင်လောကအား ပြန်လည်ပြင်စဉ်နိုင်ရန် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးအား ၁၀၀ ရာခိုင်နှုန်း (NGO) အဖွဲ့အစည်းအဖြစ် ပြောင်းလဲပေးရန် အနုပညာရှင်အချို့မှဦးဆောင်ကာ တာဝန်ရှိသူများသို့ ၂၀၁၁ ခုနှစ် အောက်တိုဘာလတွင် တင်ပြခဲ့ရာ ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလ ၂၉ ရက်နေ့ညနေ ၃ နာရီအချိန်တွင် သဘောတူညီချက်ကို နှုတ်အားဖြင့်ခွင့်ပြုချက်ရရှိခဲ့ကြောင်း သိရသည်။

ရုပ်ရှင်အစည်းအရုံးအား ပြန်လည်ဖွဲ့စည်းရာတွင် ရွေးကောက်ပွဲနည်းလမ်းဖြင့် ပြန်လည်ဖွဲ့စည်းသွားမည်ဖြစ်ပြီး ရွေးကောက်ပွဲနေ့တွင် ရုပ်ရှင်လောကသား အလွှာစုံတက်ရောက် ဆန္ဒမဲပေးရန် အရေးကြီးကြောင်း လူမင်းမှပြောကြားသည်။

ကရင်နီအမျိုးသားတိုးတက်ရေးပါတီနှင့်(KNPP)နှင့် လွိုင်ကော်တွင် ငြိမ်းချမ်းရေးဆွေးနွေးမည်

ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)နှင့် မီးရထားဝန်ကြီး ဦးအောင်မင်းခေါင်းဆောင်သော ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့တို့ ကယားပြည်နယ် လွိုင်ကော်မြို့တွင်း ၂၀၁၂ ခုနှစ် မတ်လ ၆ ရက်နေ့နှင့် ၇ ရက်နေ့များတွင် ငြိမ်းချမ်းရေး ဆွေးနွေးပွဲပြုလုပ်မည်ဖြစ်ကြောင်း ငြိမ်းချမ်းရေးအကျိုးဆောင် တစ်ဦး၏ ပြောကြားချက်အရ သိရသည်။

ဦးအောင်မင်းခေါင်းဆောင်သော ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့နှင့် ကရင်နီအမျိုးသားတိုးတက်ရေးပါတီမှ ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့တို့ ၂၀၁၁ ခုနှစ် နိုဝင်ဘာလ ၂၀ ရက်နေ့နှင့် ၂၀၁၂ခုနှစ် ဇန်နဝါရီလ ၅ ရက်နေ့တို့တွင် ထိုင်းနိုင်ငံတွင် အလွတ်သဘောတွေ့ဆုံဆွေးနွေးမှု နှစ်ကြိမ်ပြုလုပ်ခဲ့ပြီး ဖြစ်ကြောင်းသိရသည်။

မတ်လ ၁ ရက်နေ့က ပြည်ထောင်စုလွှတ်တော်တွင် ပြောကြားခဲ့သော နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ဦးဆောင်သော အစိုးရအဖွဲ့သစ် တနှစ်ပြည့်မိန့်ခွန်းတွင် နောင်တွင်တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများရှိအဖွဲ့ဝင်များသည် လက်နက်ကိုင် တိုက်ပွဲဝင်ရမည့်အစား ကွန်ပျူတာ၊ လက်တော့ သုံးစွဲခွင့် ရရှိနိုင်သည့် အဆင့်ထိ ပြည်ထောင်စုကြီးတခုလုံး တည်ငြိမ်ပြီး ဖွံ့ဖြိုးတိုးတက်မှုရှိစေရန် အစိုးရအဖွဲ့သစ် အနေဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့နှင့် မွန်ပြည်သစ်ပါတီတို့သည် ဖေဖော်ဝါရီလ ၂၅ ရက်နေ့တွင် မော်လမြိုင်မြို့တွင် ပဏာမအဆင့် ငြိမ်းချမ်းရေး လက်မှတ်ရေးထိုးနိုင်ခဲ့ပြီးဖြစ်သည်။ ဦးအောင်မင်း ခေါင်းဆောင်သော ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးအဖွဲ့တာဝန်ယူထားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ခြောက်ဖွဲ့တွင် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) နှင့် ပအိုင်းအမျိုးသား အဖွဲ့ချုပ် (PLO) နှစ်ဖွဲ့သာ ပဏာမအဆင့် ငြိမ်းချမ်းရေးလက်မှတ်ရေးထိုးရန် ကျန်ရှိကြောင်း သိရသည်။