Sunday, 4 March 2012

ကရင်နီအမျိုးသားတိုးတက်ရေးပါတီနှင့်(KNPP)နှင့် လွိုင်ကော်တွင် ငြိမ်းချမ်းရေးဆွေးနွေးမည်

ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)နှင့် မီးရထားဝန်ကြီး ဦးအောင်မင်းခေါင်းဆောင်သော ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့တို့ ကယားပြည်နယ် လွိုင်ကော်မြို့တွင်း ၂၀၁၂ ခုနှစ် မတ်လ ၆ ရက်နေ့နှင့် ၇ ရက်နေ့များတွင် ငြိမ်းချမ်းရေး ဆွေးနွေးပွဲပြုလုပ်မည်ဖြစ်ကြောင်း ငြိမ်းချမ်းရေးအကျိုးဆောင် တစ်ဦး၏ ပြောကြားချက်အရ သိရသည်။

ဦးအောင်မင်းခေါင်းဆောင်သော ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့နှင့် ကရင်နီအမျိုးသားတိုးတက်ရေးပါတီမှ ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့တို့ ၂၀၁၁ ခုနှစ် နိုဝင်ဘာလ ၂၀ ရက်နေ့နှင့် ၂၀၁၂ခုနှစ် ဇန်နဝါရီလ ၅ ရက်နေ့တို့တွင် ထိုင်းနိုင်ငံတွင် အလွတ်သဘောတွေ့ဆုံဆွေးနွေးမှု နှစ်ကြိမ်ပြုလုပ်ခဲ့ပြီး ဖြစ်ကြောင်းသိရသည်။

မတ်လ ၁ ရက်နေ့က ပြည်ထောင်စုလွှတ်တော်တွင် ပြောကြားခဲ့သော နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ဦးဆောင်သော အစိုးရအဖွဲ့သစ် တနှစ်ပြည့်မိန့်ခွန်းတွင် နောင်တွင်တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများရှိအဖွဲ့ဝင်များသည် လက်နက်ကိုင် တိုက်ပွဲဝင်ရမည့်အစား ကွန်ပျူတာ၊ လက်တော့ သုံးစွဲခွင့် ရရှိနိုင်သည့် အဆင့်ထိ ပြည်ထောင်စုကြီးတခုလုံး တည်ငြိမ်ပြီး ဖွံ့ဖြိုးတိုးတက်မှုရှိစေရန် အစိုးရအဖွဲ့သစ် အနေဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့နှင့် မွန်ပြည်သစ်ပါတီတို့သည် ဖေဖော်ဝါရီလ ၂၅ ရက်နေ့တွင် မော်လမြိုင်မြို့တွင် ပဏာမအဆင့် ငြိမ်းချမ်းရေး လက်မှတ်ရေးထိုးနိုင်ခဲ့ပြီးဖြစ်သည်။ ဦးအောင်မင်း ခေါင်းဆောင်သော ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးအဖွဲ့တာဝန်ယူထားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ခြောက်ဖွဲ့တွင် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) နှင့် ပအိုင်းအမျိုးသား အဖွဲ့ချုပ် (PLO) နှစ်ဖွဲ့သာ ပဏာမအဆင့် ငြိမ်းချမ်းရေးလက်မှတ်ရေးထိုးရန် ကျန်ရှိကြောင်း သိရသည်။

No comments: