ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ မတ်လ ၂၃ ရက်နေ့တွင် ထုတ်ပြန်ကြေငြာသော ကချင် ပြည်နယ်တွင်း ဒေသများတွင် ဧပြီလ ၁ ရက်နေ့တွင်ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲရက် အကန့် အသတ်မရှိ ရွှေ့ဆိုင်းမှုအား အစိုးရတာဝန်ရှိသူများမှ မူလရက်တွင် ပြန်လည်ကျင်းပနိုင်ရန် ဆောင်ရွက် ပေးနိုင်မည် ထင်ကြောင်း ကချင်ပြည်နယ်တွင်း လစ်လပ်မဲဆန္ဒနယ်မြေများတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် လွှတ်တော် ကိုယ်စားလှယ်လောင်းများမှ ပြောကြားသည်။
ကချင်ပြည်နယ်တွင်း လစ်လပ်မဲဆန္ဒနယ်မြေများဖြစ်ကြသော မိုးကောင်း၊ ဖားကန့်နှင့် ဗန်မော်မြို့နယ်များမှာ လုံခြုံရေးအခြေအနေအရ ဧပြီလ ၁ ရက်နေ့တွင် လွတ်လပ်၍တရားမျှတသော ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပရန် အခြေအနေမရှိသဖြင့် ကြားဖြတ်ရွေးကောက်ပွဲကျင်းပမှုကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်မှ ရက်အကန့်အသတ်မရှိ ရွှေ့ဆိုင်းလိုက်ကြောင်း မတ်လ ၂၃ ရက်နေ့က ကြေငြာချက်အမှတ် ၁၆/၂၀၁၂ ဖြင့် ထုတ်ပြန်လိုက်သည်။
အဆိုပါကြေငြာချက်ထုတ်ပြန်မှုနှင့် ပတ်သက်ပြီး မိုးကောင်းမြို့နယ်မှ ဝင်ရောက်ယှဉ်ပြိုင်မည့် တစ်သီးပုဂ္ဂလ လွှတ်တော်ကိုယ်စားလှယ်လောင်း KIA ခေါင်းဆောင်ဟောင်းတစ်ဦးဖြစ်သူ ဒေါက်တာ ဦးမနန်းတူဂျာက “ ကချင်ပြည်နယ်က ပြည်သူတွေက ဒီကြားဖြတ်ရွေးကောက်ပွဲကို ၂၀၁၀ ရွေးကောက်ပွဲ ထက်ပိုပြီး စိတ်ဝင်စားမှုများတယ် ခုလို ရွေးကောက်ပွဲကျင်းပမှုကိုရွှေ့ဆိုင်းလိုက်တော့ မဲဆန္ဒရှင်ပြည်သူတွေ ဧပြီလ ၁ ရက်နေ့မှာ ဆန္ဒမဲပေးဖို့ အားခဲထားတာတွေ ပျောက်မသွားအောင် အစိုးရတာဝန်ရှိသူတွေအနေနဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့် ညှိနှိုင်းပြီး ဧပြီလ ၁ ရက်နေ့မှာ ရွေးကောက်ပွဲ ကျင်းပပေးရင် ပိုကောင်းမယ်” ဟု ပြောကြားသည်။
ထို့နည်းတူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုရွေးကောက်ပွဲ အောင်နိုင်ရေးအဖွဲ့မှလည်း ရွေးကောက်ပွဲ ဖြစ်မြောက်ရေးကိစ္စကို KIA/KIO အဖွဲ့များနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဆွေးနွေး ညှိနှိုင်းရန်ဆန္ဒရှိပြီး ရွေးကောက်ပွဲကော်မရှင်မှသော်လည်းကောင်း၊ နိုင်ငံတော် အစိုးရမှသော်လည်းကောင်း လုပ်ဆောင်ပေးမည်ဆိုပါက ဧပြီလ ၁ ရက်နေ့တွင် ရွေးကောက်ပွဲပြုလုပ်နိုင်မည်ဟု ယုံကြည်ကြောင်း မတ်လ ၂၆ ရက်နေ့တွင် ကြေငြာလိုက်သည်။
No comments:
Post a Comment