Sunday, 18 March 2012

ရန်ကုန်မှ စင်္ကာပူသို့ ပျံသန်းသွားသည့် Silk Air လေယာဉ်စက်ချို့ယွင်းမှုကြောင့် ရန်ကုန်သို့ ပြန်လည်ဆင်းသက်ခဲ့ရ

ရန်ကုန်မှ စင်္ကာပူသို့ ပျံသန်းသည့် Slik Air လေကြောင်းလိုင်းပိုင် လေယာဉ်တစ်စီးသည် မတ်လ ၁၁ရက်နေ့တွင် ရန်ကုန်မှ ထွက်ခွာပြီး မိနစ်အနည်းငယ်အကြာတွင် စက်ချို့ယွင်းမှုဖြစ်ပေါ်ခဲ့သောကြောင့် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ပြန်လည်ဆင်းသက်ခဲ့ရကြောင်း အဆိုပါလေယာဉ်ဖြင့် လိုက်ပါခဲ့သူ တစ်ဦးမှ ပြောကြားသည်။

လေယာဉ်ပေါ်တွင် လိုက်ပါသွားသူအမျိုးသားတစ်ဦးက “ လေယာဉ်က ရန်ကုန်လေဆိပ်က ထွက်ခွာပြီး နာရီဝက်ဝန်းကျင်လောက်မှာ လေယာဉ်က တအားခါလာတော့ လေယာဉ်ပေါ်ပါလာတဲ့ခရီးသည် တွေက ကြောက်ကုန်ကြတယ် ပြီးတော့ စင်္ကာပူကို ဆက်လက်ပျံသန်းခြင်းမပြုတော့ဘဲ ရန်ကုန်လေဆိပ်ကိုပြန်လည်ဆင်းသက်မယ်ဆိုတာ သိရတယ်” ဟု ပြောကြားသည်။

မတ်လ ၁၁ ရက်နေ့တွင် ရန်ကုန်မှ စင်္ကာပူသို့ မြန်မာနိုင်ငံသား ၂၀ ဦးကျော်နှင့် နိုင်ငံခြားသား ၁၂၀ ဦးကျော် စုစုပေါင်း ခရီးသည် ၁၄၈ ဦးတင်ဆောင်ကာ ပျံသန်းသွားသော Silk Air လေကြောင်းလိုင်းမှ Air Bus 320 အမျိုးအစား လေယာဉ်သည် ရန်ကုန်လေဆိပ်မှ ထွက်ခွာပြီး မိနစ် ၃၀ အကြာတွင် စက်ပိုင်းဆိုင်ရာ ချို့ယွင်းချက် ဖြစ်ပေါ်ခဲ့သောကြောင့် စင်္ကာပူသို့ ဆက်လက်ပျံသန်းနိုင်ခြင်းမရှိဘဲ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ အရေးပေါ်ပြန်လည်ဆင်းသက်ခဲ့ရကြောင်း Silk Air လေကြောင်းလိုင်း လေယာဉ်လက်မှတ်အရောင်းဌာနမှ အတည်ပြုပြောကြားသည်။

အထက်ပါ ကိစ္စပေါ်ပေါက်ခဲ့ခြင်းကြောင့် အဆိုပါလေယာဉ်သည် စင်္ကာပူသို့ ပျံသန်းပြေးဆွဲနိုင်ခြင်း မရှိသဖြင့် လေယာဉ်လက်မှတ်ဝယ်ယူထားသူများအား မတ်လ ၁၁ ရက်နေ့တွင် ညအိပ်တည်းခိုနိုင်ရန် Silk Air လေကြောင်းလိုင်းမှ ရန်ကုန်မြို့ရှိ Traders Hotel၊ Sedona Hotel၊ Park Royal Hotel နှင့် Myanmar Life Hotel တို့တွင် စီစဉ်ပေးခဲ့ပြီး မတ်လ ၁၂ ရက်နေ့ မနက် ၁၀ နာရီ ၁၅ မိနစ်အချိန်တွင် Slik Air လေကြောင်းလိုင်းပိုင်လေယာဉ်တစ်စီးဖြင့် အစားထိုးပို့ဆောင်ပေးခဲ့ကြောင်း တာဝန်ရှိသူတစ်ဦးမှ ပြောကြားသည်။

Silk Air လေကြောင်းလိုင်းသည် ၁၉၉၀ခုနှစ်မှစတင်ကာ မြန်မာနိုင်ငံတွင်လေကြောင်းလိုင်း ဝန်ဆောင်မှုကိုဆောင်ရွက်ပေးနေပြီး ယခုအချိန်တွင် ရန်ကုန်-စင်္ကာပူ ခရီးအစဉ် အပါအဝင် နိုင်ငံပေါင်း ၃၉ နိုင်ငံသို့ Air Bus အမျိုးအစား လေယာဉ် ၁၉ စီးဖြင့် ပျံသန်းပြေးဆွဲပေးလျက်ရှိကြောင်း သိရသည်။

No comments: