Thursday, 28 June 2012

ဒေါက်တာစင်သီတာမောင်၏ ဆေးခန်းအား တရားဝင်ဖြစ်ရန် ကူညီဆောင်ရွက်ပေးမည်ဟု ဦးအောင်မင်း ပြောကြား


            ဦးအောင်မင်းခေါင်းဆောင်သော ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့ဝင်များ ထိုင်းနိုင်ငံ မဲဆောက်မြို့တွင် မယ်တော်ဆေးခန်းဖွင့်လှစ်ထားသော ဒေါက်တာစင်သီတာမောင်နှင့်တွေ့ဆုံစဉ် ဆေးခန်းအား တရားဝင်ဖြစ်ရန် ကူညီဆောင်ရွက်ပေးသွားမည်ဟု ဇွန် ၂၆  နေ့လည် ၁၂ နာရီအချိန်က Wattana Village Resort Hotel တွင်ပြောကြားံခဲ့ကြောင်း သိရသည်။
            ဒေါက်တာစင်သီတာမောင်နှင့်အဖွဲ့က နယ်စပ်ဒေသရှိ ကျန်းမာရေး၊ ပညာရေးနှင့် လှုမှုရေး ကိစ္စရပ်များကို တင်ပြခဲ့ပြီး အစိုးရကိုယ်စားလှယ်များဖြစ်ကြသော ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးအောင်မင်းနှင့် ဦးခင်ရီတို့မှ ပြန်လည်ဆွေးနွေးခဲ့ကြောင်းသိရသည်။
            “နယ်စပ်တွင်ရှိသော ကလေးအခွင့်အရေးအဖွဲ့အစည်းများ၊ ကျန်းမာရေးနှင့် ပညာရေးကိစ္စရပ်များကို တင်ပြခဲ့ပြီး ထိုင်းနိုင်ငံတွင်းရှိ လူမှုရေးအခြေခံအဖွဲ့အစည်းများနှင့် ပြည်တွင်းရှိအဖွဲ့များ ယခုထက်ပိုပြီး ပူးပေါင်းလုပ်ဆောင်နိုင်ရန် ဆောင်ရွက်သွားမည်ဟု”  ဒေါက်တာစင်သီတာမောင်က သတင်းထောက်များအား ပြောကြားခဲ့သည်။
            ပြည်ထောင်စုဝန်ကြီးဦးအောင်မင်းက လိုအပ်သောအကူအညီများကို ကူညီသွားမည်ဖြစ်ပြီး မယ်တော်ဆေးခန်းကိုလည်း တရားဝင်ဖြစ်အောင် ကြိုးပမ်းပေးသွားမည်ဖြစ်ပြီး မဲဆောက်မြို့ရှိ မြန်မာနိုင်ငံသားများအတွက် ကြီးမားသည့်အခက်အခဲများကို  ဆောင်ရွက်ပေးနေသည့်အတွက် ကျေးဇူးတင်ကြောင်း ဒေါက်တာစင်သီတာမောင်ကို ပြောကြားခဲ့သည်။
            ထို့နောက် ဇွန် ၂၇ ရက်နေ့ မနက်တွင် မဲဆောက်မြို့တွင် ဖွင့်လှစ်ထားသော ဒေါက်တာစင်သီတာမောင် ၏ မယ်တော်ဆေးခန်းသို့ ဦးအောင်မင်းနှင့်အဖွဲ့မှ သွားရောက်လေ့လာခဲ့ပြီး ပြည်ထောင်စုဝန်ကြီးဦးအောင်မင်းမှ အလှူငွေ ထိုင်းဘတ် တစ်သိန်းငါးသောင်းနှင့် လက်ဆောင်ပစ္စည်းများပေးအပ်ခဲ့ပြီး ပြည်ထောင်စုဝန်ကြီး ဦးခင်ရီမှ အတွင်းလူနာဌာနရှိကလေးလူနာများအား အလှူငွေများပေးအပ်ခဲ့ကြောင်း သိရသည်။
            ဦးအောင်မင်းဦးဆောင်သော ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့၏ မဲဆောက်ခရီးစဉ်တွင် ဒေါက်တာ စင်သီတာမောင်အား တွေဆုံဆွေးနွေးခဲ့သကဲသို့ ကရင်အမျိုးသားအစည်းအရုံး (KNU) ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့မှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF)မှ တာဝန်ရှိသူများနှင့်လည်း တွေ့ဆုံခဲ့သည်။

ဝန်ကြီးဦးအောင်မင်းနှင့် KNU တာဝန်ရှိသူများ ထိုင်းနိုင်ငံတွင် အလွတ်သဘောတွေ့ဆုံ


            ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းခေါင်းဆောင်သော ငြိမ်းချမ်းရေး ဆွေးနွေးရေးအဖွဲ့နှင့် KNU အတွင်းရေးမှူး ဒေါ်နော်စီဖိုးရာစိန်ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့တို့ ထိုင်းနိုင်ငံမဲဆောက်မြို့ Wattana Village Resort Hotel တွင် ဇွန် ၂၆ ရက်ညနေပိုင်းက တွေ့ဆုံဆွေးနွေးခဲ့ကြောင်း ကရင်သတင်းဌာန တစ်ခုတွင် ဖော်ပြထားသည်။
            မဲဆောက်မြို့တွင်တွေ့ဆုံခဲ့သော ဆွေးနွေးပွဲတွင် မြန်မာအစိုးရနှင့် KNU အဖွဲ့တို့ ပဏာမငြိမ်းချမ်းရေး လက်မှတ်ရေးထိုးခဲ့ပြီးနောက်ပိုင်းဖွင့်လှစ်ထားသည့် ဆက်ဆံရေးရုံးများနှင့် KNU ဒေသတွင်းမြေယာသိမ်းဆည်းခံထားရမှုများနှင့်ပတ်သက်သည့် ကိစ္စရပ်များကို ဇွန် ၂၆ ညနေ ၃ နာရီမှ ၅နာရီထိ မဲဆောက်မြို့ တွင်ဆွေးနွေးခဲ့ကြောင်း ဒေါ်နော်စီဖိုးရာစိန်မှ ပြောကြားခဲ့သည်။
            အဆိုပါဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းမှ KNU ဒေသတွင်း နယ်မြေများမှ ပြည်သူများ အခက်အခဲများရှိပါက ဆက်ဆံရေးရုံးများသို့ သွားရောက်တိုင်ကြားဆွေးနွေးနိုင်ကြောင်း ပြောကြားခဲ့သည်ဟု သိရသည်။
            ဇွန် ၂၆ ရက်နေ့က ပြုလုပ်ခဲ့သော ဆွေးနွေးပွဲတွင် စစ်ရေးနှင့်ပတ်သက်သည့် ကိစ္စရပ်များကို နှစ်ဦးနှစ်ဖက်ဆွေးနွေးခြင်းမရှိခဲ့ဘဲ အဆိုပါဆွေးနွေးပွဲသို့ KNU ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့မှ ၆ ဦးနှင့် ဦးအောင်မင်းခေါင်းဆောင်သော အစိုးရငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့မှ ၉ ဦးတက်ရောက်ခဲ့ပြီး ယခုဆွေးနွေးပွဲသည် ထာဝရငြိမ်းချမ်းရေးဆွေးနွေးပွဲများအတွက် အကျိုးရှိကြောင်း ဒေါ်နော်စီဖိုးရာစိန်မှ ဆက်လက်ပြောကြားခဲ့သည်။
            အစိုးရငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့မှ တာဝန်ရှိသူများနှင့် KNU ငြိမ်းချမ်းရေးဖော်ဆောင်ရေး အဖွဲမှ တာဝန်ရှိသူများသည် ပြီးခဲ့သည့်ဧပြီလက ရန်ကုန်မြို့ Sedona Hotel တွင် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲကျင်းပခဲ့ပြီးအချက် ၁၃ ခုကို နှစ်ဦးနှစ်ဖက်သဘောတူ လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။

Monday, 11 June 2012

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတဦးသိန်းစိန် ပြည်သူလူထုသို့ ပြောကြားသည့်မိန့်ခွန်း

နေပြည်တော် ဇွန် ၁၀
ချစ်ခင်လေးစားအပ်ပါသော မိဘပြည်သူများခင်ဗျား
          မိဘပြည်သူများနဲ့ ညီအစ်ကိုမောင်နှမအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာစေကြောင်း ဆုမွန်ကောင်းတောင်းရင်း နှုတ်ခွန်းဆက်သအပ်ပါတယ်။
          မိဘပြည်သူများသိရှိပြီးဖြစ်တဲ့အတိုင်း ၂၀၁၂ ခုနှစ် မေလ ၂၈ ရက်က ဖြစ်ပွားခဲ့တဲ့ ရခိုင်ပြည်နယ်၊ ကျောက်နီမော် ဖြစ်စဉ်ကိုအခြေခံပြီး ရခိုင်ပြည်နယ်အတွင်း မတည်ငြိမ်မှုများ၊ အကြမ်းဖက်မှုများ ပိုမိုကျယ်ပြန့်စွာဖြစ်ပွားလာပါတယ်။ ဒါ့ကြောင့် ဒီအခြေအနေဟာ ဘာသာရေး အဖွဲ့အစည်းများ၊ ဘာသာရေးခေါင်းဆောင်များ၊ နိုင်ငံရေးပါတီများအပါအဝင် ကျွန်တော်တို့အားလုံး စည်းစည်းလုံးလုံးနဲ့ သတိပြုပြီး ဝိုင်းဝန်းထိန်းသိမ်း ဆောင်ရွက်ကြရမယ့် အနေအထား  ရောက်ရှိလာတာကို တွေ့ရပါတယ်။

မိဘပြည်သူများခင်ဗျား
          ကျွန်တော်ဦးဆောင်တဲ့ ပြည်ထောင်စုအစိုးရအဖွဲ့အနေနဲ့ နိုင်ငံတော်ရဲ့ အုပ်ချုပ်ရေး တာဝန်များကို တာဝန်ယူခဲ့ချိန်မှစတင်ပြီး မိဘပြည်သူများရဲ့ အဓိကလိုအင်ဆန်ဒ (၂) ရပ် ဖြစ်တဲ့ တည်ငြိမ်အေးချမ်းရေးနဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေး၊ တစ်နည်းအားဖြင့် ပြည်သူများရဲ့ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးကို အဓိကထားပြီး နိုင်ငံရေးနဲ့စီးပွားရေး ပြုပြင် ပြောင်းလဲမှုတွေကို အရှိန်အဟုန်နဲ့ တစ်စိုက်မတ်မတ်   ဆောင်ရွက်ခဲ့ပါတယ်။ လက်ရှိ အချိန်မှာလည်း ပြည်သူလူထုကို အခြေပြုတဲ့ ပြုပြင်ပြောင်းလဲရေး မဟာဗျူဟာကို ဒုတိယ အဆင့် တက်လှမ်းပြီးတော့ ကြိုးပမ်းဆောင်ရွက်နေပြီဖြစ်ပါတယ်။
          ကျွန်တော်တို့ မြန်မာနိုင်ငံဟာ ရှေးအစဉ်အဆက်ကပင် ကွဲပြားတဲ့ ဘာသာရေး ကိုးကွယ်ယုံကြည်မှုတွေ ရှိခဲ့ပေမယ့်လည်း မြန်မာနိုင်ငံအတွင်း အချင်းချင်းအပြန်အလှန် လေးစားမှု ချစ်ကြည်ရင်းနှီးမှုများနဲ့   အတူတကွ ယှဉ်တွဲနေထိုင်လာခဲ့ကြတဲ့ အစဉ်အလာ ကောင်းတဲ့ သမိုင်းကြောင်း ရှိခဲ့ပြီးဖြစ် ပါတယ်။
          ကျွန်တော်တို့အစိုးရလက်ထက်မှာ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၊ လွတ်လပ်စွာ ဖွဲ့စည်းခွင့်၊ လွတ်လပ်စွာ ကိုးကွယ်ယုံကြည်ခွင့် အစရှိတဲ့ နိုင်ငံသားများရဲ့ မူလ အခွင့်အရေးများကို   ဖွဲ့စည်းပုံအခြေခံ ဥပဒေနဲ့အညီ  ခံစားရရှိနိုင်ကြစေရန်အတွက်  ဥပဒေ၊ နည်းဥပဒေတွေကို  ပြင်ဆင်ဖြည့်စွက် အသစ်ပြဌာန်းပြီး  အကောင်အထည် ဖော်ဆောင်ရွက်ပေးလျက်ရှိပါတယ်။ မိဘပြည်သူများရဲ့ အခက်အခဲများ၊ ပြဿနာများ၊ လိုလားချက်များကို အသင့်မြတ်ဆုံးနဲ့ အတတ်နိုင်ဆုံးဖြစ်အောင်   ဖြေရှင်းဆောင်ရွက်ပေးဖို့ ကျွန်တော်တို့ အစိုးရမှာ အပြည့်အဝတာဝန်ရှိတယ်လို့ ကျွန်တော်တို့ခံယူထားပါတယ်။
          ကျွန်တော်တို့အစိုးရအနေနဲ့လည်း ရခိုင်ပြည်နယ်အတွင်း မတည်ငြိမ်မှု အကြမ်းဖက်မှု များ ဖြစ်ပွားလာတဲ့အချိန်ကစပြီး ဖြစ်ပွားရာနေရာများမှာ ချက်ခြင်းတည်ငြိမ် အေးချမ်းသွားအောင် ကြိုးပမ်းဆောင်ရွက်ခဲ့ပါတယ်။ အလားတူ အခြားဆက်စပ်ဖြစ်ပွား နိုင်ဖွယ် ရှိသော နေရာများတွင်လည်း  ဆက်စပ် ဖြစ်ပွားလာခြင်းမရှိအောင်၊ ဖြစ်ခဲ့ပါကလည်း ဖြစ်စတွင်ပင် ပြီးပြေအေးငြိမ်းသွားအောင် ကြိုတင်ပြင်ဆင်စီမံမှုအတိုင်း လက်တွေ့ ဆောင်ရွက် ခဲ့ပါတယ်။ ဖြစ်စဉ်များနဲ့   ဆောင်ရွက်မှု အခြေအနေများ၊ ထိခိုက်ဆုံးရှုံးမှု အခြေအနေ များကိုလည်း မိဘပြည်သူများအား အချိန်နဲ့တပြေးညီ ချပြအသိပေးလျက်ရှိပါတယ်။ ကျွန်တော့်အနေနဲ့လည်း ဒီဖြစ်စဉ်များဖြစ်ပွားစကပင် မိဘပြည်သူများထံ အခြေအနေ အရပ်ရပ်ကို ရှင်းလင်းပြောကြားဖို့ စီစဉ်ခဲ့သော်လည်း အခြေအနေ အရပ်ရပ်ကျယ်ပြန့် လာခြင်း မရှိနိုင်ဘူးလို့ ယူဆတဲ့အတွက်လည်းကောင်း၊ မိဘပြည်သူများ စိတ်သောက မဖြစ်စေလိုတဲ့ အတွက်လည်းကောင်း ယခင်က ရှင်းလင်းပြောကြားမှုမပြုခဲ့ခြင်းဖြစ်ပါတယ်။
          သို့သော်လည်း ဇွန်လ ၉ ရက်နေ့ညက စစ်တွေမြို့မှာ အကြမ်းဖက် ဆောင်ရွက်မှုများ၊ အကြမ်းဖက်ရန်ပြင်ဆင်ကြိုးပမ်းမှုများ ထပ်မံဖြစ်ပေါ်ခဲ့တဲ့ အတွက် ဥပဒေနဲ့အညီ ထိန်းသိမ်း ကာကွယ်မှုများ ဆောင်ရွက်ခဲ့ရပြန်ပါတယ်။ ဒီအခြေအနေများအရ မိဘပြည်သူများကပါ သိရှိပါဝင်ပူးပေါင်းဆောင်ရွက်ဖို့ လိုအပ်လာပြီလို့ယူဆတဲ့အတွက် ယနေ့ မိဘပြည်သူများကို ယခုလိုရှင်းလင်း ပြောကြားခြင်းဖြစ်ပါတယ်။

မိဘပြည်သူများခင်ဗျား
          လက်ရှိရခိုင်ပြည်နယ်အတွင်းမှာဖြစ်ပေါ်နေတဲ့ ဖြစ်စဉ်များဟာ ဘာသာရေးနဲ့ လူမျိုးရေးကို အခြေခံပြီး မကျေနပ်မှု၊ မုန်းတီးမှု၊ လက်စားချေလိုမှုတွေကို ရှေ့တန်းတင် လှုံ့ဆော်ဆောင်ရွက်မှုများကြောင့် မင်းမဲ့စရိုက်လုပ်ရပ်များ ကျယ်ပြန်ကြီးမားလာတာ ဖြစ်ကြောင်း တွေ့ရှိ ရပါတယ်။ ဒီလို လူမျိုးစွဲ ဘာသာစွဲ တွေကို ရှေ့တန်းတင်ပြီး မဆုံးနိုင်တဲ့မုန်းတီးမှုတွေ လက်စားချေလိုမှုတွေနဲ့ မင်းမဲ့စရိုက်တွေကို ရှေ့တန်းတင်လျက်၊ တစ်ဖက်နဲ့တစ်ဖက် အပြန်အလှန် အကြမ်းဖက် သတ်ဖြတ်နေကြမယ်ဆိုရင် ရခိုင် ပြည်နယ်တွင်သာမက ပိုမို ကျယ်ပြန့် ဖြစ်ပွားလာစေနိုင်တဲ့ အန်တရာယ်ရှိပါတယ်။ အခြားသော အမှောင့် ပယောဂများလည်း ပါဝင်ပူးကပ်လာနိုင်ပါတယ်။ ဒီလိုသာဖြစ်လာခဲ့ရင် အသွင်ကူးပြောင်းစသာရှိသေးတဲ့ ကျွန်တော်တို့နိုင်ငံရဲ့ တည်ငြိမ်အေးချမ်းရေး၊ ဒီမိုကရေစီ ဖော်ဆောင်ရေးနဲ့ နိုင်ငံဖွံ့ဖြိုး တိုးတက်ရေးအပေါ် ပြင်းပြင်းထန်ထန် ထိခိုက်ဆုံးရှုံးမှု   ဖြစ်ပေါ်လာစေနိုင်တာကို မိဘပြည်သူများအားလုံး အထူး သတိထားကြစေချင်ပါတယ်။
          ကျွန်တော်တို့အစိုးရအနေဖြင့် ဖြစ်ခဲ့ပြီးတဲ့ ကိစ္စရပ်တွေအပေါ်မှာ ဥပဒေနဲ့အညီ   ဖြေရှင်းဆောင်ရွက်သွားမှာဖြစ်သလို ဒီလိုဖြစ်စဉ် ဖြစ်ရပ်မျိုးတွေ နောက်ထပ် မဖြစ်ပွားရအောင်လည်း တည်ဆဲဥပဒေ စည်းမျဉ်းစည်းကမ်းများနဲ့အညီ စနစ်တကျ ထိန်းသိမ်း ဆောင်ရွက် သွားပါမယ်။ ဒီဖြစ်စဉ်များမှာ နစ်နာဆုံးရှုံးခဲ့ကြရတဲ့သူများအတွက်လည်း တရားမျှတမှုရှိအောင် အလေးထားဆောင်ရွက် ပေးသွားမှာဖြစ်တဲ့အတွက် အားလုံးက သဘောထားကြီးကြီးထားပြီး အစစအရာရာ နားလည်ပေးကြဖို့ ပြောကြားလိုပါတယ်။ ဆက်လက်ပြီး ကျွန်တော်တို့အစိုးရအနေနဲ့ တရားဥပဒေစိုးမိုးမှု ရရှိအောင်လည်း အလေးထား ဆောင်ရွက်သွားမှာဖြစ်ကြောင်း ပြောကြားလိုပါတယ်။
          ထို့အတူ ဘာသာရေးအဖွဲ့အစည်းများနဲ့ ဘာသာရေးခေါင်းဆောင်များ၊ နိုင်ငံရေး ပါတီများ၊ လူထုလူတန်းစားအဖွဲ့အစည်းများ၊ မြို့မိမြို့ဖ၊ ရပ်မိရပ်ဖ ပြည်သူများနဲ့လည်း ပူးပေါင်းပြီး   ဖြေရှင်းဆောင်ရွက်လျက်ရှိပါတယ်။

          မိဘပြည်သူများခင်ဗျား
        ကျွန်တော်တို့အားလုံး မျှော်မှန်းတည်ဆောက်နေကြတဲ့ ဒီမိုကရေစီ ဖော်ဆောင်ရေး၊ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များဟာ တည်ငြိမ်အေးချမ်းမှုနဲ့ တရားဥပဒေစိုးမိုးမှု ပတ်ဝန်းကျင်ကောင်းရှိမှသာ ဖော်ဆောင် အောင်မြင်နိုင်မှာဖြစ်ပါတယ်။
          တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးရှိဖို့ဆိုတာဟာလည်း နိုင်ငံတော်အစိုးရ အပေါ်မှာသာ တာဝန်ရှိတာမဟုတ်ပါဘူး၊ ပြည်သူများအပိုင်း ကလည်း  အသိတရားနဲ့ယှဉ်ပြီး ဥပဒေများကို   လေးစားလိုက်နာကြဖို့ လိုအပ်ပါတယ်။ ထို့အတူ ဘာသာရေး အဖွဲ့အစည်းများ၊ ဘာသာရေး   ခေါင်းဆောင်များ၊ နိုင်ငံရေးပါတီများနဲ့ နိုင်ငံရေးသမားများ၊ လူထုလူတန်းစား အဖွဲ့အစည်းများနဲ့ မီဒီယာများအားလုံးရဲ့ အသိတရားနဲ့ယှဉ်ပြီး သတိတရားနဲ့ ပူးပေါင်း ဆောင်ရွက် ကြဖို့လည်း အထူးလိုအပ်ပါတယ်လို့ ပြောကြားလိုပါတယ်။
          ဒါ့ကြောင့် မိဘပြည်သူများ၊ ဘာသာရေးအဖွဲ့အစည်းများ၊ နိုင်ငံရေး ပါတီများ၊ လူထုလူတန်းစားအဖွဲ့အစည်းအားလုံးတို့က လက်ရှိဖြစ်ပေါ်နေသော မတည်ငြိမ်မှုများ တည်ငြိမ်အေးချမ်းသွားအောင်၊ ပိုမိုကျယ်ပြန့်ဖြစ်ပွားလာခြင်း မရှိအောင် သတိတရားကို အခြေခံ၊ အသိတရားနဲ့မေတ္တာတရားကို ပေါင်းစပ်ပြီး နိုင်ငံတော်အစိုးရနဲ့အတူ ဝိုင်းဝန်းပူးပေါင်း ကာကွယ်ထိန်းသိမ်း ဖော်ဆောင်ပေးကြဖို့ မေတ္တာရပ်ခံပန်ကြားအပ်ပါတယ်။
        ချစ်ခင်လေးစားအပ်ပါသော မိဘပြည်သူများအားလုံး ဘေးဘယာဝေးကွာပြီး ကျန်းမာ ချမ်းသာကြပါစေကြောင်းနဲ့ နိုင်ငံတော်အစိုးရနဲ့လက်တွဲပြီး အေးချမ်းသာယာ ခေတ်မီဖွံ့ဖြိုး တိုးတက်တဲ့ ဒီမိုကရေစီနိုင်ငံတော်သစ် ဖြစ်ထွန်းပေါ်ပေါက် လာအောင် ဆောင်ရွက်နိုင်ကြ ပါစေကြောင်း ဆုတောင်းမေတ္တာပို့သရင်း နိဂုံးချုပ် လိုက်ပါတယ်။
          အားလုံးကို ကျေးဇူးတင်ပါတယ်။

Sunday, 10 June 2012

စစ်တွေမြို့ အခြေအနေ

စစ်တွေမြို့ အခြေအနေ RFA အသံလွှင့်ဌာနမှ ဆက်သွယ်မေးမြန်းချက် ၁၀.၆.၂၀၁၂ ည ၇ နာရီသတင်းမှ
 စာတန်းအားကလစ်နှိပ်ပြီး စစ်တွေမြို့သို့ ရောက်ရှိနေသော RFAမှ ကိုကျော်ကျော်အောင်နှင့် ဆက်သွယ်မေးမြန်းချက်အား နားစဉ်နိုင်ပါသည်။

Saturday, 2 June 2012

မီးရထားဝန်ကြီးဦးအောင်မင်း KIO ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့မှတာဝန်ရှိသူများ


            ပြည်ထောင်စုငြိမ်းချမ်းဖော်ဆောင်ရေးကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးအောင်မင်းသည် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) မှတာဝန်ရှိသူများကို ဒုတိယအကြိမ်အဖြစ် ကချင်ပြည်နယ် မယ်ဂျယ်အင်းဒေသတွင် ဇွန်လ ၁ ရက်နေ့က သွားရောက်တွေ့ဆုံခဲ့ကြောင်း ကချင်လွတ်မြောက်ရေး အဖွဲ့(KIO) ဘက်မှငြိမ်းချမ်းရေးအကျိုးတော်ဆောင် ဦးလမိုင်ဂွမ်ဂျာက ပြောကြားသည်။
            မီးရထားဝန်ကြီးဦးအောင်မင်းနှင့် ကချင်လွတ်မြောက်ရေးအဖွဲ့(KIO)မှ တာဝန်ရှိသူများ ဒုတိယအကြိမ်မြောက်တွေ့ဆုံပွဲတွင် ယခင် ဦးအောင်သောင်းနှင့် ကချင်လွတ်မြောက်ရေးအဖွဲ့တို့ ဒုတိယအကြိမ်တွေ့ဆုံစဉ်က ဆွေးနွေးခဲ့သော စတုတ္ထအချက်နှင့် တတိယအကြိမ်ကဆွေးနွေးခဲ့သော ပဉ္စမအချက်တို့ကို အဓိကထားဆွေးနွေးခဲ့ကြောင်း သိရသည်။
            “ဒီနေ့ဆွေးနွေးတဲ့ပွဲက ယခင်ဦးအောင်သောင်းခေါင်းဆောင်သောအဖွဲ့နဲ့ဆွေးနွေးခဲ့တဲ့ထဲက အချက်တစ်ချက်ကို အဓိကထားဆွေးနွေးခဲ့တာဖြစ်တယ်၊ အဲ့အချက်ကဘာလဲဆိုရင် နှစ်ဖက်တပ်စခန်းတွေ နေရာချထားရေးနဲ့ပတ်သက်ပြီး အလွတ်သဘောတွေ့ဆုံဆွေးနွေးခဲ့တဲ့သဘောပါ၊ ဒီနေ့ဆွေးနွေးပွဲကို ကြည့်မယ်ဆိုရင် ပြည်တွင်းငြိမ်းချမ်းရေးရရှိဖို့ အတွက်အလားအလာကောင်းတွေဖြစ်နိုင်တယ်လို့ထင်ပါတယ်” ဟု ငြိမ်းချမ်းရေးအကျိုးတော်ဆောင် ဦးအယ်ခွန်းအောင်က ပြောကြားသည်။
            ဇွန်လ ၁ ရက်နေ့တွင်ဆွေးနွေးခဲ့သော ငြိမ်းချမ်းရေးဆွေးနွေးပွဲသည် အလွတ်သဘော တွေ့ဆုံဆွေးနွေးမှုဖြစ်ပြီး နှစ်ဦးနှစ်ဖက်ပွင့်ပွင့်လင်းလင်း ဆွေးနွေးခဲ့ကြသည့်အတွက် တစ်ဖက်နှင့်တစ်ဖက် နားလည်မှုများရရှိခဲ့ပြီး ငြိမ်းချမ်းရေးရရှိစေရန် နောက်ပိုင်းတွင်လဲဆွေးနွေးပွဲများ ဆက်လက်ကျင်းပသွားရန် နှစ်ဦးနှစ်ဖက် သဘောတူခဲ့ကြောင်း သိရသည်။
            “ ယခင်က ပြည်နယ်အဆင့်မှာ ၃ ကြိမ် ၃ ခါဆွေးနွေးခဲ့တယ်၊ ပြီးတော့ ဦးအောင်သောင်း ခေါင်းဆောင်တဲ့အဖွဲ့နဲ့ ပြည်ထောင်စုအဆင့်မှာ ၃ ကြိမ် ၃ ခါဆွေးနွေးခဲ့ပြီးပြီ ဘာမှထူးခြားမလာဘူး၊ အခု နိုင်ငံတော်အဆင့်ဆွေးနွေးဖို့အတွက် ဦးအောင်မင်းက အလွတ်သဘောကြိုတင်လာရောက် ဆွေးနွေးတဲ့ပုံကတော့ ယခင်ဆွေးနွေးပွဲတွေနဲ့မတူပဲ ငြိမ်းချမ်းရေးရရှိဖို့အတွက် အခြေအနေကောင်းတွေ ကိုတွေ့နေရတယ်လို့ထင်တယ်”  ဟု ဦးလမိုင်ဂွမ်ဂျာက ဆိုသည်။
            အစိုးရငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့မှ တာဝန်ရှိသူများနှင့် ကချင်လွတ်မြောက်ရေး အဖွဲ့(KIO)မှ ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့ဝင်များ ဇွန်လ တတိယပတ်တွင် တတိယအကြိမ်မြောက် အလွတ်သဘော ထပ်မံတွေ့ဆုံရန် လျာထားကြောင်း သိရသည်။

မင်္ဂလာဒုံလေဆိပ်တွင် ဇွန်လမှစတင်ကာ ဆိုက်ရောက်ဗီဇာလျှောက်ထားနိုင်မည်


            မြန်မာနိုင်ငံသို့ ပြည်ပနိုင်ငံများမှ စီးပွားရေးလုပ်ငန်းလုပ်ကိုင်ရန် လာရောက်မည့်သူများအနေဖြင့် ဇွန်လဆန်းပိုင်းမှ စတင်ကာ ရန်ကုန်မြို့ မင်္ဂလာဒုံလေဆိပ်တွင် ဆိုက်ရောက်ဗီဇာ လျှောက်ထားနိုင်မည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးခင်ရီမှ ပြောကြားသည်။
            အာဆီယံနိုင်ငံများအပါအဝင် နိုင်ငံပေါင်း ၂၆ နိုင်ငံမှ မြန်မာနိုင်ငံသို့ စီးပွားရေးလုပ်ငန်း လုပ်ကိုင်ရန် လာရောက်သူများအစဉ်ပြေချောမွေ့နိုင်ရန် ပထမဆုံးအနေဖြင့် မင်္ဂလာဒုံလေဆိပ်တစ်ခုတည်းတွင် ဆိုက်ရောက်ဗီဇာများ လျှောက်ထား နိုင်ပြီဖြစ်ပြီး ဗီဇာကြေးအဖြစ် ဒေါ်လာ ၅၀ သတ်မှတ်ထားကြောင်း အထက်ပါပုဂ္ဂိုလ်မှဆိုသည်။
            “မြန်မာနိုင်ငံမှာ စီးပွားရေးလုပ်ငန်းလုပ်ကိုင်ရန် လာရောက်လုပ်ကိုင်မဲ့သူတွေအတွက် ဗီဇာသက်တမ်းကို ရက်ပေါင်း ၇၀ လို့သတ်မှတ်ထားတယ်၊ တကယ်လို့ ဒီနိုင်ငံကစီပွားရေးလုပ်ငန်းရှင်တစ်ဦးက ဖိတ်ကြားလို့ရောက်လာတဲ့သူတွေဆိုရင်တော့ သက်တမ်းထပ်တိုးလို့ရတယ်၊ လူသစ်ဖြစ်မယ်ဆိုရင်တော့ ရက်ပေါင်း ၇၀ ပြည့်ရင် နိုင်ငံအတွင်းကနေ ပြန်ထွက်သွားရမှာပေါ့၊ ဒါမှမဟုတ် စီးပွားရေးလုပ်ငန်းလုပ်နေတုန်းဆိုရင်တော့ သက်ဆိုင်ရာ ကုမ္ပဏီရဲ့ထောက်ခံချက်နဲ့သက်တမ်းထပ်တိုးလို့ရမယ် ၃လ၊ ၆ လ၊ ၁ နှစ် စသဖြင့်ပေါ့” ဟု ပြည်ထောင်စုဝန်ကြီးမှ ပြောကြားသည်။
            ပြောင်းလဲလာသော နိုင်ငံတော်အစိုးရ၏ ပွင့်လင်းပြီး တံခါးဖွင့်ပေးသောမူဝါဒအရ နိုင်ငံတွင် လာရောက်ပြီး စီးပွားရေးလုပ်ငန်းလုပ်ကိုင်မည့်သူများ လုပ်ငန်းရှင်များအတွက် လွယ်ကူချောမွေ့စေရန် စီးပွားရေးလုပ်ငန်းဗီဇာတစ်ခုတည်းကို နိုင်ငံပေါင်း ၂၆ နိုင်ငံအတွက် ဆိုက်ရောက်ဗီဇာ စတင်ထုတ်ပေးခြင်း ဖြစ်ကြောင်းသိရသည်။
            ယခင်က မြန်မာနိုင်ငံသို့ လာရောက်သူများအနေဖြင့် ဗီဇာလျှောက်ထားရာတွင် အမေရိကန်ဒေါ်လာ ၃၆ ကျပ်ဝန်းကျင်ကျသင့်ခဲ့ပြီး ယခုစီးပွားရေးလုပ်ငန်းအတွက် ဆိုက်ရောက်ဗီဇာလျှောက်ထားသူများသည် အမေရိကန်ဒေါ်လာ ၅၀ ကျပ်ကျသင့်မည်ဖြစ်ပြီး သံရုံးသို့သွားရောက်ရန်မလိုတော့ကြောင်း သိရသည်။

Friday, 1 June 2012

သမ္မတရုံးမှ ညွှန်ကြားချက်ကြောင့် ဦးမြင့်၏အိတ်ဖွင့်ပေးစာအပေါ် သတင်းစာရှင်းလင်းပွဲ ပြုလုပ်


            စီးပွားရေးအကြံပေးအဖွဲ့ခေါင်းဆောင် ဒေါက်တာဦးမြင့်မှ ရန်ကုန်တက္ကသိုလ်ရဲ့ ဂုဏ်သိက္ခာကို ပြန်လည်တည်ဆောက်ရေး ပြည်သူသို့ အိတ်ဖွင့်ပေးစာ ထုတ်ပြန်ခဲ့ခြင်းနှင့်ပတ်သက်ပြီး သမ္မတရုံမှ ညွှန်ကြားချက်ကြောင့် ရန်ကုန်မြို့ရှိ သမ္မတအကြံပေးအဖွဲ့ရုံးခန်းတွင် သတင်းစာရှင်းလင်းပွဲအား မေ ၂၄ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
            သမ္မတရုံး၏ ညွှန်ကြားချက်ကြောင့်ပြုလုပ်သော သတင်းစာရှင်းလင်းပွဲကို သမ္မတ အကြံပေးအဖွဲ့ဝင်များဖြစ်ကြသော ဦးကိုကိုလှိုင်၊ ဒေါက်တာနေဇင်လတ်တို့အပါအဝင် လေးဦးတက်ရောက်ခဲ့ပြီး မေ ၁၉ ရက်နေ့တွင်ရေးသားထုတ်ပြန်ခဲ့သော ဒေါက်တာဦးမြင့်၏ အိတ်ဖွင့်ပေးစာသည် နိုင်ငံတော်သမ္မတရုံးအနေဖြင့် ကြိုတင်သိရှိခြင်းမရှိဘဲ ၄င်း၏ပုဂ္ဂလိကဆန္ဒအလျောက် ရေးသားခဲ့ခြင်းသာဖြစ်ပြီး နိုင်ငံတော်သမ္မတရုံး၏ သဘောထား တစ်စုံတစ်ရာ ထင်ဟပ်ခြင်းလည်း မရှိကြောင်း ပြောကြားသွားသည်။
            ဦးမြင့်၏ အိတ်ဖွင့်ပေးစာတွင် ရန်ကုန်တက္ကသိုလ်၏ ဂုဏ်သိက္ခာကို ပြန်လည်မြင့်မားအောင် ဆောင်ရွက်ကြရမည့် ယခုတစ်ကြိမ်တွင်လည်း ရရှိပြီးဖြစ်သော အစဉ်အလာကောင်းများကို ဆက်လက် ထိန်းသိမ်းရမည်ဖြစ်ပြီး ထိုလုပ်ဆောင်ချက်သည် အမျိုးသားရင်ကြားစေ့ရေးအတွက် အရေးပါသော မှတ်တိုင်တစ်ခုဖြစ်မည်ဖြစ်ကြောင်း ဖော်ပြထားသည်။
            ရန်ကုန်တက္ကသိုလ်၏ ဂုဏ်သိက္ခာ ပြန်လည်ထွန်းပြောင်လာစေရန် တည်ဆောက်ရေးမှာ မြန်မာတစ်မျိုးသားလုံး လိုလားတောင့်တနေသောအချက်ဖြစ်ပြီး တစ်နိုင်ငံလုံးရှိ တက္ကသိုလ်အားလုံးကို နိုင်ငံတကာနှင့် ရင်ပေါင်တန်းနိုင်သည့်တက္ကသိုလ်များဖြစ်လာစေလိုသည့် ဆန္ဒရှိပြီး တာဝန်ရှိသူများအနေဖြင့် ရန်ကုန်တက္ကသိုလ် တစ်ခုတည်းသာ အထူးတလည်ဦးစားပေး တည်ဆောက်ပြီး ကျန်တစ်ပြည်လုံးရှိ တက္ကသိုလ်များကို မျက်ကွယ်ပြုထားမရနိုင်ကြောင်း ဦးကိုကိုနိုင်မှ ပြောကြားသွားသည်။
            ယခင်က ရန်ကုန်တက္ကသိုလ်တွင် အနယ်နယ်အရပ်ရပ်မှ ကျောင်းသားများလာရောက် ပညာသင်ကြားခဲ့ပြီး မိမိတို့ဒေသမှ ရိုးရာဓလေ့စရိုက်များနှင့် အတွေ့အကြုံများကို အခြားသူများအား ပြန်လည်ပြောကြားကြပြီး ရန်ကုန်တက္ကသိုလ်တွင် ပညာသင်ကြားခဲ့သော ကျောင်းသားများသည် ပညာသင်ကြားရင်း တန်ဖိုးမဖြတ်နိုင်သော ဗဟုသုတများပါ ရရှိနိုင်သည်ဟု ရန်ကုန်တက္ကသိုလ်တွင် ကျောင်းဆရာအဖြစ်တာဝန်ထမ်းဆောင်ခဲ့သူ ဆရာတစ်ဦးကဆိုသည်။
            ရန်ကုန်တက္ကသိုလ်နယ်မြေသည် မြို့တော်၏ အဓိကကျသော နေရာတစ်ခုတွင်တည်ရှိပြီး မြေ၊ အဆောက်အဦး၊ အားကစားကွင်းများ၊ အပန်းဖြေနားနေဆောင်များနှင့် အခြားသော အဆောက်အဦးများသည် သန်းထောင်ချီ တန်းဖိုးရှိလာပြီး ပုဂ္ဂလိက လုပ်ငန်းရှင်များအတွက် တက္ကသိုလ်နယ်မြေသည် မျက်စိကျစရာနေရာဖြစ်လာပြီး အန္တရာယ်ကိုကြိုတင်ကာကွယ်ရန်အတွက် အပူတပြင်းလိုအပ်နေကြောင်း ဦးမြင့်၏ ပေးစာတွင်ထည့်သွင်းဖော်ပြထားသည်။
            အထက်ပါကိစ္စနှင့် ပတ်သက်ပြီး ဦးကိုကိုလှိုင်က ပြောကြားရာတွင် ယခုအိတ်ဖွင့်ပေးစာတွင် ပါဝင်သောအချက်သည် ရန်ကုန်တက္ကသိုလ်အတွက် စိတ်ကောင်းစေတနာဖြင့် ပြောဆိုခြင်းဖြစ်သည်ဟု ယုံကြည်ကြောင်းပြောကြားခဲ့ပြီး ပြည့်စုံသော သတင်းအချက်အလက် မရရှိသောကြောင့် နားလည်မှု အကောက်အယူလွဲမှားကာ စိုးရိမ်မှုဖြင့် ပြောဆိုခြင်းဖြစ်နိုင်ပြီး ကိစ္စသည် မူဝါဒဆိုင်ရာအရ အထူးထိလွယ် ရှလွယ် အတိမ်းအစောင်းမခံသော ကိစ္စဖြစ်ပြီး အထင်လွဲမှုများ ပြေလည်သွားစေရန် ပြန်လည်ရှင်းလင်းရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
            ၂၀၁၃ ခုနှစ်တွင် မြန်မာနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပရန် စီစဉ်ထားသော အရှေ့တောင်အာရှအားကစာပြိုင်ပွဲမှ ရရှိသော ရန်ပုံငွေဖြင့် တက္ကသိုလ်တင်းနစ်ကွင်းများအား ပြိုင်ပွဲဝင်စံချိန်မီရေး အရည်အသွေးမီသည့် တင်းနစ်ကွင်းများဖြစ်ပေါ်လာစေရန် အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းရှင်များအား လုပ်ကိုင်ခွင့်ပေးရန် စီစဉ်နေဆဲသာဖြစ်ပြီး အရှေ့တောင်အာရှ အားကစားပြိုင်ပွဲအပြီး ၂၀၁၄ ခုနှစ်တွင် တက္ကသိုလ်နှင့် ကောလိပ်များတွင် ဘက်စုံစွမ်းရည်မြှင့်တင်ရေး အစီးအစဉ်များအတွက် အဆိုပါတင်းနင်းကွင်းများကို အစဉ်သင့်ပြန်လည်သုံးစွဲနိုင်မည်ဖြစ်ကြောင်း သိရသည်။
            ဦးမြင့်၏ အိတ်ဖွင့်ပေးစာတွင် ရန်ကုန်တက္ကသိုလ်၏ ဂုဏ်သိက္ခာကို ယခင်အတိုင်း ပြန်လည်မြင့်မားအောင် ဆောင်ရွက်ရာတွင် အရေးအကြီးဆုံးကိစ္စရပ်သည် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ၏ နောက်ဆုံးသမ္မတ ဒေါက်တာမောင်မောင် ၁၉၈၈ ခုနှစ်တွင် ပြောကြားခဲ့သော ကျောင်းသားသမဂ္ဂ အဆောက်အဦး ပြန်လည်တည်ဆောက်ရေး ဆိုသည့်အချက်အားထည့်သွင်းဖော်ပြခဲ့ပြီး အဆိုပါအချက်နှင့် ပတ်သက်ပြီး ဦးကိုကိုလှိုင်က ကျောင်းသားသမဂ္ဂ ကိစ္စရပ်သည် သက်ဆိုင်ရာ အမျိုးသား ပညာရေးကောင်စီ စသည့်အဖွဲ့အစည်းများက သေချာစွာလေ့လာသုံးသပ် စဉ်းစားရမည့်ကိစ္စများဖြစ်သဖြင့် တစ်စုံတစ်ရာပြောကြားရန်မရှိဟု ဆိုသည်။

သမ္မတအကြံပေးအဖွဲ့မှ ဦးကိုကိုလှိုင်က စွမ်းအင်ချွေတာသုံးစွဲရန် အကြံပြု


            နိုင်ငံတော်သမ္မတအကြံပေးအဖွဲ့မှ ဦးကိုကိုလှိုင်က ပြည်သူများအနေဖြင့် စွမ်းအင်ချွေတာ သုံးစွဲမည်ဆိုပါက မြန်မာနိုင်ငံအနေဖြင့် အကျိုးရှိမည်ဖြစ်ကြောင်း မေ ၂၄ ရက်နေ့က နိုင်ငံတော်သမ္မတ အကြံပေးအဖွဲ့ရုံးခန်းတွင်း ပြုလုပ်သော သတင်းစာရှင်းလင်းပွဲအပြီး သတင်းထောက်များအား ပြောကြားခဲ့သည်။
            မြန်မာနိုင်ငံနေရာအနှံအပြားတွင် လျှပ်စစ်မီး ၂၄ နာရီရရှိရန် ဆန္ဒပြမှုများ ဖြစ်ပေါ်လျှက်ရှိသောကိစ္စနှင့် ပတ်သက်ပြီးသတင်းထောက်များ၏မေးမြန်းချက်ကို သမ္မတ အကြံပေးဦးကိုကိုလှိုင်က ဖယောင်းတိုင်များကို မိမိအိမ်တွင်မိမိထွန်းပြီး မီးပိတ်ထားလျှင် စွမ်းအင်လိုအပ်နေသောပြသနာသည် အဆင်ပြေသွားမည်ဟုဆိုသည်။
            ဂျပန်နိုင်ငံတွင် ယခင်က Nuclear ဓာတ်အားပေးစက်ရုံပေါင်း ၄၀ ကျော်ရှိပြီး ယခုအခါ စက်ရုံ နှစ်ခုသာလျှင်ထားရှိပြီး ကျန်စက်ရုံများကို ပိတ်သိမ်းလိုက်သည်တောင် မီးပျက်မှုမရှိခြင်းသည် ဂျပန်နိုင်ငံသားများသည် ခြိုးခြံချွေတာသုံးစွဲခြင်းကြောင့်ဖြစ်ကြောင်းပြောကြားပြီး မြန်မာနိုင်ငံသားများ အနေဖြင့်လည်း စွမ်းအင်ချွေတာသုံးစွဲရန်သင့်ကြောင်း ပြောကြားသည်။
            ဆန္ဒပြပွဲများ ပြုလုပ်နေသည့်ကိစ္စများနှင့်ပတ်သတ်ပြီး ဆက်လက်ပြောကြားရာတွင် ဆန္ဒပြပွဲများပြုလုပ်ရာတွင် ဥပဒေနှင့်အညီလိုက်နာဆောင်ရွက်ရန်လိုအပ်ပြီး ယခုအချိန်တွင် ဆန္ဒပြနိုင်သည့် ဥပဒေပေါ်ထွက်နေပြီဖြစ်သော်လည်း နည်းဥပဒေ ထွက်ပေါ်လာခြင်းမရှိသေးသည့်အတွက် ဆန္ဒပြပွဲများ ပြုလုပ်ကျင်းပမည်ဆိုပါက သက်ဆိုင်ရာ ရဲစခန်းသို့ ကြိုတင်အကြောင်းကြားရန်လိုအပ်ကြောင်း ဆက်လက်ပြောကြားသည်။
            မြန်မာနိုင်ငံတွင်း လျှပ်စစ်မီး ၂၄ နာရီရရှိရန် ဖိယောင်းတိုင်ထွန်း ဆန္ဒပြတောင်းဆိုမှုများကို မေ ၂၀ ရက်နေ့တွင် မန္တလေးမြို့မှစတင်ကာ ကျင်းပပြုလုပ်ခဲ့ပြီး ရန်ကုန်မြို့တွင် မေ ၂၂ ရက်နေ့၊ ပေါင်းတည်မြို့နှင့် ပြည်မြို့တွင် ၂၃ ရက်နေ့တို့မှစတင်ကာ ဆန္ဒပြပွဲများဆက်တိုက်ပြုလုပ်ခဲ့ပြီး အခြားသောမြို့များတွင်လည်း ဆန္ဒပြုပွဲများ ကျင်းပခဲ့ပြီး တစ်နေ့ထက်တစ်နေ့ ဆန္ဒပြသူအရေအတွက် ပိုမိုများပြားလာကြောင်း သိရသည်။

ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့သစ်မှတာဝန်ရှိသူအချို့နှင့် ကေအိုင်အိုအဖွဲ့ပထမဆုံးအကြိမ်တွေ့ဆုံ


            ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်မှုအဖွဲ့သစ်တွင် ပါဝင်သော မီးရထားဝန်ကြီးဦးအောင်မင်းနှင့် အဖွဲ့ဝင်အချို့သည် ကေအိုင်အိုအဖွဲ့မှ တာဝန်ရှိသူများနှင့် ပထမဆုံးအကြိမ်အဖြစ် တွေ့ဆုံဆွေးနွေးမှုကို မေလ ၂၁ ရက်နေ့မနက်ပိုင်းက ထိုင်းနိုင်ငံတွင် ပြုလုပ်ခဲ့ကြောင်း ကေအိုင်အိုအဖွဲ့မှ ငြိမ်းချမ်းရေးအကျိုးဆောင် ဦးလပိုင်ဂွမ်ဂျာမှ ပြောကြားသည်။
            ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းသည် ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့တွင် ပါဝင်သော တာဝန်ရှိသူအချို့နှင့် အေအိုင်အိုအဖွဲ့မှ အထွေထွေအတွင်းရေးမှူး ဒေါက်တာလဂျာ ဦးဆောင်သောအဖွဲ့ကို မေလ၂၁ ရက်နေ့မနက် ၈ နာရီခွဲမှ ၁၂ နာရီထိ ထိုင်းနိုင်ငံ ချင်းရိုင်မြို့တွင် အလွတ်သဘော  ကြိုတင်သွားရောက်ဆွေးနွေးမှုများပြုလုပ်ခဲ့ကြောင်း သိရသည်။
            အဆိုပါတွေ့ဆုံပွဲတွင် ပြည်ထောင်စုအဆင့်ငြိမ်းချမ်းရေးဆွေးနွေးပွဲ ကေအိုင်အိုအဖွဲ့မှ တင်ပြမည့်အချက်များကို အလွတ်သဘောကြိုတင်ညှိနှိုင်းဆွေးနွေးခဲ့ပြီးနောက် ပြည်ထောင်စုအဆင့် ဆွေးနွေးပွဲများ မကျင်းပမီ အကြိုဆွေးနွေးပွဲများထပ်မံကျင်းပရန် ပြည်ထောင်စုဝန်ကြီးဦးအောင်မင်းနှင့် ကေအိုင်အိုအဖွဲ့မှ တာဝန်ရှိသူများမှ သဘောတူခဲ့ကြောင်း သိရသည်။
            “ ယခုတွေ့ဆုံပွဲကတော့ ပြည်ထောင်စုအဆင့်ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ ကေအိုင်အိုအဖွဲ့က တင်ပြမဲ့ အချက်တွေကို ပြည်ထောင်စုဝန်ကြီးဦးအောင်မင်းနှင့်အဖွဲ့က ကြိုတင်လာရောက် ဆွေးနွေးသွားတာလောက်ပါပဲ၊ ဆွေးနွေးပွဲကြီးမကျင်းပမီမှာလည်း နောက်ထပ် အကြိုဆွေးနွေးပွဲလေးတွေ ထပ်လုပ်ဖို့ သဘောတူချက်ရရှိခဲ့တယ်” ဟု ဦးလပိုင်ဂွမ်ဂျာမှ ဆိုသည်။
            မီးရထားဝန်ကြီးဦးအောင်မင်းက ငြိမ်းချမ်းရေးဆွေးနွေးပွဲများမကျင်းပမီ အကြိုဆွေးနွေးပွဲများ ကျင်းပရခြင်းသည် ထာဝရငြိမ်းချမ်းရေးဆွေးနွေးမှုများ ပိုမိုခိုင်မာလာစေရန်အတွက် အကြိုဆွေးနွေးပွဲများ ကျင်းပရခြင်းဖြစ်ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)နှင့် ပြည်ထောင်စုအဆင့်ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွင် ပြောကြားခဲ့သည်။
            ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့မှ တာဝန်ရှိသူများနှင့် ကေအိုင်အိုအဖွဲ့မှ တာဝန်ရှိသူများ ယခုလအတွင်း အကြိုတွေ့ဆုံပွဲတစ်ခုထပ်မံကျင်းပရန် သဘောတူညီမှုကိုလည်းရရှိခဲ့ကြောင်း ယင်းဆွေးနွေးပွဲသို့တက်ရောက်ခဲ့သူတစ်ဦးမှ ပြောကြားသည်။
            မြန်မာနိုင်ငံတွင်းတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၁ ခုနှင့် ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့မှ တာဝန်ရှိသူများ ငြိမ်းချမ်းရေးဆွေးနွေးပွဲများပြုလုပ်ခဲ့ပြီး ယခင်ဦးအောင်သောင်းခေါင်းဆောင်သော ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့တာဝန်ယူဆွေးနွေးခဲ့သော အဖွဲ့များထဲတွင်ပါဝင်သော ကေအိုင်အိုအဖွဲ့မှအပ ကျန်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၀ ခုနှင့် ပဏာမအဆင့်အပြစ်အခတ်ရပ်စဲရေး သဘောတူလက်မှတ်ရေးထိုးနိုင်ခဲ့ကြောင်း သိရသည်။