Saturday, 2 June 2012

မင်္ဂလာဒုံလေဆိပ်တွင် ဇွန်လမှစတင်ကာ ဆိုက်ရောက်ဗီဇာလျှောက်ထားနိုင်မည်


            မြန်မာနိုင်ငံသို့ ပြည်ပနိုင်ငံများမှ စီးပွားရေးလုပ်ငန်းလုပ်ကိုင်ရန် လာရောက်မည့်သူများအနေဖြင့် ဇွန်လဆန်းပိုင်းမှ စတင်ကာ ရန်ကုန်မြို့ မင်္ဂလာဒုံလေဆိပ်တွင် ဆိုက်ရောက်ဗီဇာ လျှောက်ထားနိုင်မည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးခင်ရီမှ ပြောကြားသည်။
            အာဆီယံနိုင်ငံများအပါအဝင် နိုင်ငံပေါင်း ၂၆ နိုင်ငံမှ မြန်မာနိုင်ငံသို့ စီးပွားရေးလုပ်ငန်း လုပ်ကိုင်ရန် လာရောက်သူများအစဉ်ပြေချောမွေ့နိုင်ရန် ပထမဆုံးအနေဖြင့် မင်္ဂလာဒုံလေဆိပ်တစ်ခုတည်းတွင် ဆိုက်ရောက်ဗီဇာများ လျှောက်ထား နိုင်ပြီဖြစ်ပြီး ဗီဇာကြေးအဖြစ် ဒေါ်လာ ၅၀ သတ်မှတ်ထားကြောင်း အထက်ပါပုဂ္ဂိုလ်မှဆိုသည်။
            “မြန်မာနိုင်ငံမှာ စီးပွားရေးလုပ်ငန်းလုပ်ကိုင်ရန် လာရောက်လုပ်ကိုင်မဲ့သူတွေအတွက် ဗီဇာသက်တမ်းကို ရက်ပေါင်း ၇၀ လို့သတ်မှတ်ထားတယ်၊ တကယ်လို့ ဒီနိုင်ငံကစီပွားရေးလုပ်ငန်းရှင်တစ်ဦးက ဖိတ်ကြားလို့ရောက်လာတဲ့သူတွေဆိုရင်တော့ သက်တမ်းထပ်တိုးလို့ရတယ်၊ လူသစ်ဖြစ်မယ်ဆိုရင်တော့ ရက်ပေါင်း ၇၀ ပြည့်ရင် နိုင်ငံအတွင်းကနေ ပြန်ထွက်သွားရမှာပေါ့၊ ဒါမှမဟုတ် စီးပွားရေးလုပ်ငန်းလုပ်နေတုန်းဆိုရင်တော့ သက်ဆိုင်ရာ ကုမ္ပဏီရဲ့ထောက်ခံချက်နဲ့သက်တမ်းထပ်တိုးလို့ရမယ် ၃လ၊ ၆ လ၊ ၁ နှစ် စသဖြင့်ပေါ့” ဟု ပြည်ထောင်စုဝန်ကြီးမှ ပြောကြားသည်။
            ပြောင်းလဲလာသော နိုင်ငံတော်အစိုးရ၏ ပွင့်လင်းပြီး တံခါးဖွင့်ပေးသောမူဝါဒအရ နိုင်ငံတွင် လာရောက်ပြီး စီးပွားရေးလုပ်ငန်းလုပ်ကိုင်မည့်သူများ လုပ်ငန်းရှင်များအတွက် လွယ်ကူချောမွေ့စေရန် စီးပွားရေးလုပ်ငန်းဗီဇာတစ်ခုတည်းကို နိုင်ငံပေါင်း ၂၆ နိုင်ငံအတွက် ဆိုက်ရောက်ဗီဇာ စတင်ထုတ်ပေးခြင်း ဖြစ်ကြောင်းသိရသည်။
            ယခင်က မြန်မာနိုင်ငံသို့ လာရောက်သူများအနေဖြင့် ဗီဇာလျှောက်ထားရာတွင် အမေရိကန်ဒေါ်လာ ၃၆ ကျပ်ဝန်းကျင်ကျသင့်ခဲ့ပြီး ယခုစီးပွားရေးလုပ်ငန်းအတွက် ဆိုက်ရောက်ဗီဇာလျှောက်ထားသူများသည် အမေရိကန်ဒေါ်လာ ၅၀ ကျပ်ကျသင့်မည်ဖြစ်ပြီး သံရုံးသို့သွားရောက်ရန်မလိုတော့ကြောင်း သိရသည်။

No comments: