Monday, 11 June 2012

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတဦးသိန်းစိန် ပြည်သူလူထုသို့ ပြောကြားသည့်မိန့်ခွန်း

နေပြည်တော် ဇွန် ၁၀
ချစ်ခင်လေးစားအပ်ပါသော မိဘပြည်သူများခင်ဗျား
          မိဘပြည်သူများနဲ့ ညီအစ်ကိုမောင်နှမအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာစေကြောင်း ဆုမွန်ကောင်းတောင်းရင်း နှုတ်ခွန်းဆက်သအပ်ပါတယ်။
          မိဘပြည်သူများသိရှိပြီးဖြစ်တဲ့အတိုင်း ၂၀၁၂ ခုနှစ် မေလ ၂၈ ရက်က ဖြစ်ပွားခဲ့တဲ့ ရခိုင်ပြည်နယ်၊ ကျောက်နီမော် ဖြစ်စဉ်ကိုအခြေခံပြီး ရခိုင်ပြည်နယ်အတွင်း မတည်ငြိမ်မှုများ၊ အကြမ်းဖက်မှုများ ပိုမိုကျယ်ပြန့်စွာဖြစ်ပွားလာပါတယ်။ ဒါ့ကြောင့် ဒီအခြေအနေဟာ ဘာသာရေး အဖွဲ့အစည်းများ၊ ဘာသာရေးခေါင်းဆောင်များ၊ နိုင်ငံရေးပါတီများအပါအဝင် ကျွန်တော်တို့အားလုံး စည်းစည်းလုံးလုံးနဲ့ သတိပြုပြီး ဝိုင်းဝန်းထိန်းသိမ်း ဆောင်ရွက်ကြရမယ့် အနေအထား  ရောက်ရှိလာတာကို တွေ့ရပါတယ်။

မိဘပြည်သူများခင်ဗျား
          ကျွန်တော်ဦးဆောင်တဲ့ ပြည်ထောင်စုအစိုးရအဖွဲ့အနေနဲ့ နိုင်ငံတော်ရဲ့ အုပ်ချုပ်ရေး တာဝန်များကို တာဝန်ယူခဲ့ချိန်မှစတင်ပြီး မိဘပြည်သူများရဲ့ အဓိကလိုအင်ဆန်ဒ (၂) ရပ် ဖြစ်တဲ့ တည်ငြိမ်အေးချမ်းရေးနဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေး၊ တစ်နည်းအားဖြင့် ပြည်သူများရဲ့ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးကို အဓိကထားပြီး နိုင်ငံရေးနဲ့စီးပွားရေး ပြုပြင် ပြောင်းလဲမှုတွေကို အရှိန်အဟုန်နဲ့ တစ်စိုက်မတ်မတ်   ဆောင်ရွက်ခဲ့ပါတယ်။ လက်ရှိ အချိန်မှာလည်း ပြည်သူလူထုကို အခြေပြုတဲ့ ပြုပြင်ပြောင်းလဲရေး မဟာဗျူဟာကို ဒုတိယ အဆင့် တက်လှမ်းပြီးတော့ ကြိုးပမ်းဆောင်ရွက်နေပြီဖြစ်ပါတယ်။
          ကျွန်တော်တို့ မြန်မာနိုင်ငံဟာ ရှေးအစဉ်အဆက်ကပင် ကွဲပြားတဲ့ ဘာသာရေး ကိုးကွယ်ယုံကြည်မှုတွေ ရှိခဲ့ပေမယ့်လည်း မြန်မာနိုင်ငံအတွင်း အချင်းချင်းအပြန်အလှန် လေးစားမှု ချစ်ကြည်ရင်းနှီးမှုများနဲ့   အတူတကွ ယှဉ်တွဲနေထိုင်လာခဲ့ကြတဲ့ အစဉ်အလာ ကောင်းတဲ့ သမိုင်းကြောင်း ရှိခဲ့ပြီးဖြစ် ပါတယ်။
          ကျွန်တော်တို့အစိုးရလက်ထက်မှာ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၊ လွတ်လပ်စွာ ဖွဲ့စည်းခွင့်၊ လွတ်လပ်စွာ ကိုးကွယ်ယုံကြည်ခွင့် အစရှိတဲ့ နိုင်ငံသားများရဲ့ မူလ အခွင့်အရေးများကို   ဖွဲ့စည်းပုံအခြေခံ ဥပဒေနဲ့အညီ  ခံစားရရှိနိုင်ကြစေရန်အတွက်  ဥပဒေ၊ နည်းဥပဒေတွေကို  ပြင်ဆင်ဖြည့်စွက် အသစ်ပြဌာန်းပြီး  အကောင်အထည် ဖော်ဆောင်ရွက်ပေးလျက်ရှိပါတယ်။ မိဘပြည်သူများရဲ့ အခက်အခဲများ၊ ပြဿနာများ၊ လိုလားချက်များကို အသင့်မြတ်ဆုံးနဲ့ အတတ်နိုင်ဆုံးဖြစ်အောင်   ဖြေရှင်းဆောင်ရွက်ပေးဖို့ ကျွန်တော်တို့ အစိုးရမှာ အပြည့်အဝတာဝန်ရှိတယ်လို့ ကျွန်တော်တို့ခံယူထားပါတယ်။
          ကျွန်တော်တို့အစိုးရအနေနဲ့လည်း ရခိုင်ပြည်နယ်အတွင်း မတည်ငြိမ်မှု အကြမ်းဖက်မှု များ ဖြစ်ပွားလာတဲ့အချိန်ကစပြီး ဖြစ်ပွားရာနေရာများမှာ ချက်ခြင်းတည်ငြိမ် အေးချမ်းသွားအောင် ကြိုးပမ်းဆောင်ရွက်ခဲ့ပါတယ်။ အလားတူ အခြားဆက်စပ်ဖြစ်ပွား နိုင်ဖွယ် ရှိသော နေရာများတွင်လည်း  ဆက်စပ် ဖြစ်ပွားလာခြင်းမရှိအောင်၊ ဖြစ်ခဲ့ပါကလည်း ဖြစ်စတွင်ပင် ပြီးပြေအေးငြိမ်းသွားအောင် ကြိုတင်ပြင်ဆင်စီမံမှုအတိုင်း လက်တွေ့ ဆောင်ရွက် ခဲ့ပါတယ်။ ဖြစ်စဉ်များနဲ့   ဆောင်ရွက်မှု အခြေအနေများ၊ ထိခိုက်ဆုံးရှုံးမှု အခြေအနေ များကိုလည်း မိဘပြည်သူများအား အချိန်နဲ့တပြေးညီ ချပြအသိပေးလျက်ရှိပါတယ်။ ကျွန်တော့်အနေနဲ့လည်း ဒီဖြစ်စဉ်များဖြစ်ပွားစကပင် မိဘပြည်သူများထံ အခြေအနေ အရပ်ရပ်ကို ရှင်းလင်းပြောကြားဖို့ စီစဉ်ခဲ့သော်လည်း အခြေအနေ အရပ်ရပ်ကျယ်ပြန့် လာခြင်း မရှိနိုင်ဘူးလို့ ယူဆတဲ့အတွက်လည်းကောင်း၊ မိဘပြည်သူများ စိတ်သောက မဖြစ်စေလိုတဲ့ အတွက်လည်းကောင်း ယခင်က ရှင်းလင်းပြောကြားမှုမပြုခဲ့ခြင်းဖြစ်ပါတယ်။
          သို့သော်လည်း ဇွန်လ ၉ ရက်နေ့ညက စစ်တွေမြို့မှာ အကြမ်းဖက် ဆောင်ရွက်မှုများ၊ အကြမ်းဖက်ရန်ပြင်ဆင်ကြိုးပမ်းမှုများ ထပ်မံဖြစ်ပေါ်ခဲ့တဲ့ အတွက် ဥပဒေနဲ့အညီ ထိန်းသိမ်း ကာကွယ်မှုများ ဆောင်ရွက်ခဲ့ရပြန်ပါတယ်။ ဒီအခြေအနေများအရ မိဘပြည်သူများကပါ သိရှိပါဝင်ပူးပေါင်းဆောင်ရွက်ဖို့ လိုအပ်လာပြီလို့ယူဆတဲ့အတွက် ယနေ့ မိဘပြည်သူများကို ယခုလိုရှင်းလင်း ပြောကြားခြင်းဖြစ်ပါတယ်။

မိဘပြည်သူများခင်ဗျား
          လက်ရှိရခိုင်ပြည်နယ်အတွင်းမှာဖြစ်ပေါ်နေတဲ့ ဖြစ်စဉ်များဟာ ဘာသာရေးနဲ့ လူမျိုးရေးကို အခြေခံပြီး မကျေနပ်မှု၊ မုန်းတီးမှု၊ လက်စားချေလိုမှုတွေကို ရှေ့တန်းတင် လှုံ့ဆော်ဆောင်ရွက်မှုများကြောင့် မင်းမဲ့စရိုက်လုပ်ရပ်များ ကျယ်ပြန်ကြီးမားလာတာ ဖြစ်ကြောင်း တွေ့ရှိ ရပါတယ်။ ဒီလို လူမျိုးစွဲ ဘာသာစွဲ တွေကို ရှေ့တန်းတင်ပြီး မဆုံးနိုင်တဲ့မုန်းတီးမှုတွေ လက်စားချေလိုမှုတွေနဲ့ မင်းမဲ့စရိုက်တွေကို ရှေ့တန်းတင်လျက်၊ တစ်ဖက်နဲ့တစ်ဖက် အပြန်အလှန် အကြမ်းဖက် သတ်ဖြတ်နေကြမယ်ဆိုရင် ရခိုင် ပြည်နယ်တွင်သာမက ပိုမို ကျယ်ပြန့် ဖြစ်ပွားလာစေနိုင်တဲ့ အန်တရာယ်ရှိပါတယ်။ အခြားသော အမှောင့် ပယောဂများလည်း ပါဝင်ပူးကပ်လာနိုင်ပါတယ်။ ဒီလိုသာဖြစ်လာခဲ့ရင် အသွင်ကူးပြောင်းစသာရှိသေးတဲ့ ကျွန်တော်တို့နိုင်ငံရဲ့ တည်ငြိမ်အေးချမ်းရေး၊ ဒီမိုကရေစီ ဖော်ဆောင်ရေးနဲ့ နိုင်ငံဖွံ့ဖြိုး တိုးတက်ရေးအပေါ် ပြင်းပြင်းထန်ထန် ထိခိုက်ဆုံးရှုံးမှု   ဖြစ်ပေါ်လာစေနိုင်တာကို မိဘပြည်သူများအားလုံး အထူး သတိထားကြစေချင်ပါတယ်။
          ကျွန်တော်တို့အစိုးရအနေဖြင့် ဖြစ်ခဲ့ပြီးတဲ့ ကိစ္စရပ်တွေအပေါ်မှာ ဥပဒေနဲ့အညီ   ဖြေရှင်းဆောင်ရွက်သွားမှာဖြစ်သလို ဒီလိုဖြစ်စဉ် ဖြစ်ရပ်မျိုးတွေ နောက်ထပ် မဖြစ်ပွားရအောင်လည်း တည်ဆဲဥပဒေ စည်းမျဉ်းစည်းကမ်းများနဲ့အညီ စနစ်တကျ ထိန်းသိမ်း ဆောင်ရွက် သွားပါမယ်။ ဒီဖြစ်စဉ်များမှာ နစ်နာဆုံးရှုံးခဲ့ကြရတဲ့သူများအတွက်လည်း တရားမျှတမှုရှိအောင် အလေးထားဆောင်ရွက် ပေးသွားမှာဖြစ်တဲ့အတွက် အားလုံးက သဘောထားကြီးကြီးထားပြီး အစစအရာရာ နားလည်ပေးကြဖို့ ပြောကြားလိုပါတယ်။ ဆက်လက်ပြီး ကျွန်တော်တို့အစိုးရအနေနဲ့ တရားဥပဒေစိုးမိုးမှု ရရှိအောင်လည်း အလေးထား ဆောင်ရွက်သွားမှာဖြစ်ကြောင်း ပြောကြားလိုပါတယ်။
          ထို့အတူ ဘာသာရေးအဖွဲ့အစည်းများနဲ့ ဘာသာရေးခေါင်းဆောင်များ၊ နိုင်ငံရေး ပါတီများ၊ လူထုလူတန်းစားအဖွဲ့အစည်းများ၊ မြို့မိမြို့ဖ၊ ရပ်မိရပ်ဖ ပြည်သူများနဲ့လည်း ပူးပေါင်းပြီး   ဖြေရှင်းဆောင်ရွက်လျက်ရှိပါတယ်။

          မိဘပြည်သူများခင်ဗျား
        ကျွန်တော်တို့အားလုံး မျှော်မှန်းတည်ဆောက်နေကြတဲ့ ဒီမိုကရေစီ ဖော်ဆောင်ရေး၊ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များဟာ တည်ငြိမ်အေးချမ်းမှုနဲ့ တရားဥပဒေစိုးမိုးမှု ပတ်ဝန်းကျင်ကောင်းရှိမှသာ ဖော်ဆောင် အောင်မြင်နိုင်မှာဖြစ်ပါတယ်။
          တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးရှိဖို့ဆိုတာဟာလည်း နိုင်ငံတော်အစိုးရ အပေါ်မှာသာ တာဝန်ရှိတာမဟုတ်ပါဘူး၊ ပြည်သူများအပိုင်း ကလည်း  အသိတရားနဲ့ယှဉ်ပြီး ဥပဒေများကို   လေးစားလိုက်နာကြဖို့ လိုအပ်ပါတယ်။ ထို့အတူ ဘာသာရေး အဖွဲ့အစည်းများ၊ ဘာသာရေး   ခေါင်းဆောင်များ၊ နိုင်ငံရေးပါတီများနဲ့ နိုင်ငံရေးသမားများ၊ လူထုလူတန်းစား အဖွဲ့အစည်းများနဲ့ မီဒီယာများအားလုံးရဲ့ အသိတရားနဲ့ယှဉ်ပြီး သတိတရားနဲ့ ပူးပေါင်း ဆောင်ရွက် ကြဖို့လည်း အထူးလိုအပ်ပါတယ်လို့ ပြောကြားလိုပါတယ်။
          ဒါ့ကြောင့် မိဘပြည်သူများ၊ ဘာသာရေးအဖွဲ့အစည်းများ၊ နိုင်ငံရေး ပါတီများ၊ လူထုလူတန်းစားအဖွဲ့အစည်းအားလုံးတို့က လက်ရှိဖြစ်ပေါ်နေသော မတည်ငြိမ်မှုများ တည်ငြိမ်အေးချမ်းသွားအောင်၊ ပိုမိုကျယ်ပြန့်ဖြစ်ပွားလာခြင်း မရှိအောင် သတိတရားကို အခြေခံ၊ အသိတရားနဲ့မေတ္တာတရားကို ပေါင်းစပ်ပြီး နိုင်ငံတော်အစိုးရနဲ့အတူ ဝိုင်းဝန်းပူးပေါင်း ကာကွယ်ထိန်းသိမ်း ဖော်ဆောင်ပေးကြဖို့ မေတ္တာရပ်ခံပန်ကြားအပ်ပါတယ်။
        ချစ်ခင်လေးစားအပ်ပါသော မိဘပြည်သူများအားလုံး ဘေးဘယာဝေးကွာပြီး ကျန်းမာ ချမ်းသာကြပါစေကြောင်းနဲ့ နိုင်ငံတော်အစိုးရနဲ့လက်တွဲပြီး အေးချမ်းသာယာ ခေတ်မီဖွံ့ဖြိုး တိုးတက်တဲ့ ဒီမိုကရေစီနိုင်ငံတော်သစ် ဖြစ်ထွန်းပေါ်ပေါက် လာအောင် ဆောင်ရွက်နိုင်ကြ ပါစေကြောင်း ဆုတောင်းမေတ္တာပို့သရင်း နိဂုံးချုပ် လိုက်ပါတယ်။
          အားလုံးကို ကျေးဇူးတင်ပါတယ်။

No comments: