နိုင်ငံတော်သမ္မတအကြံပေးအဖွဲ့မှ
ဦးကိုကိုလှိုင်က ပြည်သူများအနေဖြင့် စွမ်းအင်ချွေတာ သုံးစွဲမည်ဆိုပါက
မြန်မာနိုင်ငံအနေဖြင့် အကျိုးရှိမည်ဖြစ်ကြောင်း မေ ၂၄ ရက်နေ့က နိုင်ငံတော်သမ္မတ အကြံပေးအဖွဲ့ရုံးခန်းတွင်း
ပြုလုပ်သော သတင်းစာရှင်းလင်းပွဲအပြီး သတင်းထောက်များအား ပြောကြားခဲ့သည်။
မြန်မာနိုင်ငံနေရာအနှံအပြားတွင်
လျှပ်စစ်မီး ၂၄ နာရီရရှိရန် ဆန္ဒပြမှုများ ဖြစ်ပေါ်လျှက်ရှိသောကိစ္စနှင့်
ပတ်သက်ပြီးသတင်းထောက်များ၏မေးမြန်းချက်ကို သမ္မတ အကြံပေးဦးကိုကိုလှိုင်က
ဖယောင်းတိုင်များကို မိမိအိမ်တွင်မိမိထွန်းပြီး မီးပိတ်ထားလျှင်
စွမ်းအင်လိုအပ်နေသောပြသနာသည် အဆင်ပြေသွားမည်ဟုဆိုသည်။
ဂျပန်နိုင်ငံတွင်
ယခင်က Nuclear ဓာတ်အားပေးစက်ရုံပေါင်း ၄၀ ကျော်ရှိပြီး ယခုအခါ စက်ရုံ
နှစ်ခုသာလျှင်ထားရှိပြီး ကျန်စက်ရုံများကို ပိတ်သိမ်းလိုက်သည်တောင်
မီးပျက်မှုမရှိခြင်းသည် ဂျပန်နိုင်ငံသားများသည်
ခြိုးခြံချွေတာသုံးစွဲခြင်းကြောင့်ဖြစ်ကြောင်းပြောကြားပြီး မြန်မာနိုင်ငံသားများ
အနေဖြင့်လည်း စွမ်းအင်ချွေတာသုံးစွဲရန်သင့်ကြောင်း ပြောကြားသည်။
ဆန္ဒပြပွဲများ
ပြုလုပ်နေသည့်ကိစ္စများနှင့်ပတ်သတ်ပြီး ဆက်လက်ပြောကြားရာတွင်
ဆန္ဒပြပွဲများပြုလုပ်ရာတွင် ဥပဒေနှင့်အညီလိုက်နာဆောင်ရွက်ရန်လိုအပ်ပြီး
ယခုအချိန်တွင် ဆန္ဒပြနိုင်သည့် ဥပဒေပေါ်ထွက်နေပြီဖြစ်သော်လည်း နည်းဥပဒေ
ထွက်ပေါ်လာခြင်းမရှိသေးသည့်အတွက် ဆန္ဒပြပွဲများ ပြုလုပ်ကျင်းပမည်ဆိုပါက သက်ဆိုင်ရာ ရဲစခန်းသို့
ကြိုတင်အကြောင်းကြားရန်လိုအပ်ကြောင်း ဆက်လက်ပြောကြားသည်။
မြန်မာနိုင်ငံတွင်း
လျှပ်စစ်မီး ၂၄ နာရီရရှိရန် ဖိယောင်းတိုင်ထွန်း ဆန္ဒပြတောင်းဆိုမှုများကို မေ ၂၀
ရက်နေ့တွင် မန္တလေးမြို့မှစတင်ကာ ကျင်းပပြုလုပ်ခဲ့ပြီး ရန်ကုန်မြို့တွင် မေ ၂၂
ရက်နေ့၊ ပေါင်းတည်မြို့နှင့် ပြည်မြို့တွင် ၂၃ ရက်နေ့တို့မှစတင်ကာ ဆန္ဒပြပွဲများဆက်တိုက်ပြုလုပ်ခဲ့ပြီး
အခြားသောမြို့များတွင်လည်း ဆန္ဒပြုပွဲများ ကျင်းပခဲ့ပြီး တစ်နေ့ထက်တစ်နေ့
ဆန္ဒပြသူအရေအတွက် ပိုမိုများပြားလာကြောင်း သိရသည်။
No comments:
Post a Comment