Friday, 1 June 2012

ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့သစ်မှတာဝန်ရှိသူအချို့နှင့် ကေအိုင်အိုအဖွဲ့ပထမဆုံးအကြိမ်တွေ့ဆုံ


            ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်မှုအဖွဲ့သစ်တွင် ပါဝင်သော မီးရထားဝန်ကြီးဦးအောင်မင်းနှင့် အဖွဲ့ဝင်အချို့သည် ကေအိုင်အိုအဖွဲ့မှ တာဝန်ရှိသူများနှင့် ပထမဆုံးအကြိမ်အဖြစ် တွေ့ဆုံဆွေးနွေးမှုကို မေလ ၂၁ ရက်နေ့မနက်ပိုင်းက ထိုင်းနိုင်ငံတွင် ပြုလုပ်ခဲ့ကြောင်း ကေအိုင်အိုအဖွဲ့မှ ငြိမ်းချမ်းရေးအကျိုးဆောင် ဦးလပိုင်ဂွမ်ဂျာမှ ပြောကြားသည်။
            ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းသည် ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့တွင် ပါဝင်သော တာဝန်ရှိသူအချို့နှင့် အေအိုင်အိုအဖွဲ့မှ အထွေထွေအတွင်းရေးမှူး ဒေါက်တာလဂျာ ဦးဆောင်သောအဖွဲ့ကို မေလ၂၁ ရက်နေ့မနက် ၈ နာရီခွဲမှ ၁၂ နာရီထိ ထိုင်းနိုင်ငံ ချင်းရိုင်မြို့တွင် အလွတ်သဘော  ကြိုတင်သွားရောက်ဆွေးနွေးမှုများပြုလုပ်ခဲ့ကြောင်း သိရသည်။
            အဆိုပါတွေ့ဆုံပွဲတွင် ပြည်ထောင်စုအဆင့်ငြိမ်းချမ်းရေးဆွေးနွေးပွဲ ကေအိုင်အိုအဖွဲ့မှ တင်ပြမည့်အချက်များကို အလွတ်သဘောကြိုတင်ညှိနှိုင်းဆွေးနွေးခဲ့ပြီးနောက် ပြည်ထောင်စုအဆင့် ဆွေးနွေးပွဲများ မကျင်းပမီ အကြိုဆွေးနွေးပွဲများထပ်မံကျင်းပရန် ပြည်ထောင်စုဝန်ကြီးဦးအောင်မင်းနှင့် ကေအိုင်အိုအဖွဲ့မှ တာဝန်ရှိသူများမှ သဘောတူခဲ့ကြောင်း သိရသည်။
            “ ယခုတွေ့ဆုံပွဲကတော့ ပြည်ထောင်စုအဆင့်ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ ကေအိုင်အိုအဖွဲ့က တင်ပြမဲ့ အချက်တွေကို ပြည်ထောင်စုဝန်ကြီးဦးအောင်မင်းနှင့်အဖွဲ့က ကြိုတင်လာရောက် ဆွေးနွေးသွားတာလောက်ပါပဲ၊ ဆွေးနွေးပွဲကြီးမကျင်းပမီမှာလည်း နောက်ထပ် အကြိုဆွေးနွေးပွဲလေးတွေ ထပ်လုပ်ဖို့ သဘောတူချက်ရရှိခဲ့တယ်” ဟု ဦးလပိုင်ဂွမ်ဂျာမှ ဆိုသည်။
            မီးရထားဝန်ကြီးဦးအောင်မင်းက ငြိမ်းချမ်းရေးဆွေးနွေးပွဲများမကျင်းပမီ အကြိုဆွေးနွေးပွဲများ ကျင်းပရခြင်းသည် ထာဝရငြိမ်းချမ်းရေးဆွေးနွေးမှုများ ပိုမိုခိုင်မာလာစေရန်အတွက် အကြိုဆွေးနွေးပွဲများ ကျင်းပရခြင်းဖြစ်ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)နှင့် ပြည်ထောင်စုအဆင့်ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွင် ပြောကြားခဲ့သည်။
            ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့မှ တာဝန်ရှိသူများနှင့် ကေအိုင်အိုအဖွဲ့မှ တာဝန်ရှိသူများ ယခုလအတွင်း အကြိုတွေ့ဆုံပွဲတစ်ခုထပ်မံကျင်းပရန် သဘောတူညီမှုကိုလည်းရရှိခဲ့ကြောင်း ယင်းဆွေးနွေးပွဲသို့တက်ရောက်ခဲ့သူတစ်ဦးမှ ပြောကြားသည်။
            မြန်မာနိုင်ငံတွင်းတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၁ ခုနှင့် ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့မှ တာဝန်ရှိသူများ ငြိမ်းချမ်းရေးဆွေးနွေးပွဲများပြုလုပ်ခဲ့ပြီး ယခင်ဦးအောင်သောင်းခေါင်းဆောင်သော ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့တာဝန်ယူဆွေးနွေးခဲ့သော အဖွဲ့များထဲတွင်ပါဝင်သော ကေအိုင်အိုအဖွဲ့မှအပ ကျန်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၀ ခုနှင့် ပဏာမအဆင့်အပြစ်အခတ်ရပ်စဲရေး သဘောတူလက်မှတ်ရေးထိုးနိုင်ခဲ့ကြောင်း သိရသည်။

No comments: