မွန်ပြည်သစ်ပါတီမှခေါင်းဆောင်များဖြစ်ကြသော နိုင်ယက္ခ(ခေါ်) မင်းနေဝင်းနှင့်
နိုင်ချိန်ဂကောင်း (ခေါ်) မျိုးသွေးတို့ နှစ်ဦးကို နိုင်ငံတော်ပုန်ကန်မှုစွပ်စွဲချက်ဖြင့်
ဖမ်းဆီးထိမ်းသိမ်းခဲ့ပြီး ၂၀၀၃ ဇူလိုင်လ ၁၇ ရက်နေ့တွင် သေဒဏ်ချမှတ်ခဲ့ရာမှ
၉နှစ်အကြာ ၂၀၁၂ ဧပြီ ၃၀ ရက်နေ့တွင် နိုင်ငံတော်သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့်
ပြန်လည်လွှတ်ပေးလိုက်ကြောင်းသိရသည်။
နိုင်ငံတော်သမ္မတ၏လွတ်ငြိမ်းချမ်းသာခွင့်ဖြင့်
တသက်တစ်ကျွန်း ပြစ်ဒဏ်ကျခံနေရာမှ ပြန်လည်လွတ်မြောက်လာသော နိုင်ယက္ခနှင့်
နိုင်ချိန်ဂကောင်းတို့ နှစ်ဦးကို စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး
ဦးဇော်မင်းမှဦးဆောင်ကာ အင်းစိန်ထောင်မှခေါ်ဆောင်ပြီး မွန်ပြည်သစ်ပါတီသို့
ပြန်လည်လွဲပြောင်းပေးအပ်ပွဲကို မော်လမြိုင်မြို့၊ ကမ်းနားလမ်းရှိ Strand Hotel
တွင်ဧပြီလ ၃၀ ရက်နေ့က ကျင်းပပြုလုပ်ခဲ့ရာ
ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့ဝင်များ၊ မွန်ပြည်သစ်ပါတီမှ
တာဝန်ရှိသူများနှင့် ငြိမ်းချမ်းရေးအကျိုးတော်ဆောင်များ တက်ရောက်ခဲ့သည်။
အထက်ပါမွန်ပြည်သစ်ပါတီဝင်နှစ်ဦးအားပြန်လည်လွတ်ပေးရန်
မွန်ပြည်သစ်ပါတီမှ ဦးအောင်မင်း ခေါင်းဆောင်သော ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့အား
ပြည်နယ်အဆင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွင် တောင်းဆိုခဲ့ပြီး ဧပြီ ၁၁
ရက်နေ့တွင်ကျင်းပသော ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွင်လည်း အဆိုပါကိစ္စအားထပ်မံ
ဆွေးနွေးခဲ့သည်။
“မွန်ပြည်သစ်ပါတီဝင် ၂ ဦးကိုလွှတ်ပေးတယ်တယ်ဆိုတာ အစိုးရနဲ့ငြိမ်းချမ်းရေးဆွေးနွေးနေတဲ့ မွန်ပြည်သစ်ပါတီဝင်တွေအားလုံး စုံညီစွာပါဝင်ပြီး အစိုးရနဲ့ငြိမ်းချမ်းရေးဆွေးနွေးတဲ့အခါမှာ ငြိမ်းချမ်းရေးလမ်းကြောင်း ပိုမိုလျှင်မြန်စေမှာဖြစ်တဲ့အတွက် နိုင်ငံတော်သမ္မတကြီး၏ လွတ်ငြိမ်းချမ်းသာခွင့်နဲ့လွှတ်ပေးခဲ့တာဖြစ်တယ်” ဟု နိုင်ယက္ခနှင့် နိုင်ချိန်ဂကောင်းတို့နှစ်ဦးကို လိုက်ပါပို့ဆောင်ရာတွင်ပါဝင်ခဲ့သူ တာဝန်ရှိသူတစ်ဦးမှ ပြောကြားသည်။
အကျဉ်းကျခံနေရသော
မွန်ပြည်သစ်ပါတီမှ ခေါင်းဆောင်များကို လွတ်ငြိမ်းချမ်းသာခွင့်ဖြင့်
လွှတ်ပေးသည့်သကဲ့သို့ ကရင်အမျိုးသားအစည်းအရုံး (KNU)မှ ဗဟိုကော်မတီဝင်
ဖဒိုမန်းငြိမ်းမောင်အား မတ်လ ၁၇ ရက်နေ့တွင် နိုင်ငံတော်သမ္မတ၏
လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွှတ်ပေးခဲ့ပြီး တိုင်းရင်းသား လက်နက်ကိုင်
အဖွဲ့အစည်းများမှ အကျဉ်းသားများပြန်လည် လွှတ်ပေးခြင်းသည် အစိုးရအဖွဲ့သစ်နှင့်
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအကြား ယုံကြည်မှုတည်ဆောက်ရေးတွင်
အထောက်အပံ့ဖြစ်နိုင်ကြောင်း ကရင်နီအမျိုးသားတိုးတက်ရေးပါတီမှ နိုင်ငံခြားရေးတာဝန်ခံ
ဦးရွှေမျိုးသန့်မှ ပြောကြားသည်။
No comments:
Post a Comment