Political News

ဝန်ကြီးဦးအောင်မင်းနှင့် KNU တာဝန်ရှိသူများ ထိုင်းနိုင်ငံတွင် အလွတ်သဘောတွေ့ဆုံ

         ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းခေါင်းဆောင်သော ငြိမ်းချမ်းရေး ဆွေးနွေးရေးအဖွဲ့နှင့် KNU အတွင်းရေးမှူး ဒေါ်နော်စီဖိုးရာစိန်ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့တို့ ထိုင်းနိုင်ငံမဲဆောက်မြို့ Wattana Village Resort Hotel တွင် ဇွန် ၂၆ ရက်ညနေပိုင်းက တွေ့ဆုံဆွေးနွေးခဲ့ကြောင်း ကရင်သတင်းဌာန တစ်ခုတွင် ဖော်ပြထားသည်။

            မဲဆောက်မြို့တွင်တွေ့ဆုံခဲ့သော ဆွေးနွေးပွဲတွင် မြန်မာအစိုးရနှင့် KNU အဖွဲ့တို့ ပဏာမငြိမ်းချမ်းရေး လက်မှတ်ရေးထိုးခဲ့ပြီးနောက်ပိုင်းဖွင့်လှစ်ထားသည့် ဆက်ဆံရေးရုံးများနှင့် KNU ဒေသတွင်းမြေယာသိမ်းဆည်းခံထားရမှုများနှင့်ပတ်သက်သည့် ကိစ္စရပ်များကို ဇွန် ၂၆ ညနေ ၃ နာရီမှ ၅နာရီထိ မဲဆောက်မြို့ တွင်ဆွေးနွေးခဲ့ကြောင်း ဒေါ်နော်စီဖိုးရာစိန်မှ ပြောကြားခဲ့သည်။

            အဆိုပါဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းမှ KNU ဒေသတွင်း နယ်မြေများမှ ပြည်သူများ အခက်အခဲများရှိပါက ဆက်ဆံရေးရုံးများသို့ သွားရောက်တိုင်ကြားဆွေးနွေးနိုင်ကြောင်း ပြောကြားခဲ့သည်ဟု သိရသည်။

            ဇွန် ၂၆ ရက်နေ့က ပြုလုပ်ခဲ့သော ဆွေးနွေးပွဲတွင် စစ်ရေးနှင့်ပတ်သက်သည့် ကိစ္စရပ်များကို နှစ်ဦးနှစ်ဖက်ဆွေးနွေးခြင်းမရှိခဲ့ဘဲ အဆိုပါဆွေးနွေးပွဲသို့ KNU ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့မှ ၆ ဦးနှင့် ဦးအောင်မင်းခေါင်းဆောင်သော အစိုးရငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့မှ ၉ ဦးတက်ရောက်ခဲ့ပြီး ယခုဆွေးနွေးပွဲသည် ထာဝရငြိမ်းချမ်းရေးဆွေးနွေးပွဲများအတွက် အကျိုးရှိကြောင်း ဒေါ်နော်စီဖိုးရာစိန်မှ ဆက်လက်ပြောကြားခဲ့သည်။

            အစိုးရငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့မှ တာဝန်ရှိသူများနှင့် KNU ငြိမ်းချမ်းရေးဖော်ဆောင်ရေး အဖွဲမှ တာဝန်ရှိသူများသည် ပြီးခဲ့သည့်ဧပြီလက ရန်ကုန်မြို့ Sedona Hotel တွင် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲကျင်းပခဲ့ပြီးအချက် ၁၃ ခုကို နှစ်ဦးနှစ်ဖက်သဘောတူ လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။

မီးရထားဝန်ကြီးဦးအောင်မင်း KIO ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့မှတာဝန်ရှိသူများတွေ့ဆုံ

         ပြည်ထောင်စုငြိမ်းချမ်းဖော်ဆောင်ရေးကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးအောင်မင်းသည် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) မှတာဝန်ရှိသူများကို ဒုတိယအကြိမ်အဖြစ် ကချင်ပြည်နယ် မယ်ဂျယ်အင်းဒေသတွင် ဇွန်လ ၁ ရက်နေ့က သွားရောက်တွေ့ဆုံခဲ့ကြောင်း ကချင်လွတ်မြောက်ရေး အဖွဲ့(KIO) ဘက်မှငြိမ်းချမ်းရေးအကျိုးတော်ဆောင် ဦးလမိုင်ဂွမ်ဂျာက ပြောကြားသည်။

            မီးရထားဝန်ကြီးဦးအောင်မင်းနှင့် ကချင်လွတ်မြောက်ရေးအဖွဲ့(KIO)မှ တာဝန်ရှိသူများ ဒုတိယအကြိမ်မြောက်တွေ့ဆုံပွဲတွင် ယခင် ဦးအောင်သောင်းနှင့် ကချင်လွတ်မြောက်ရေးအဖွဲ့တို့ ဒုတိယအကြိမ်တွေ့ဆုံစဉ်က ဆွေးနွေးခဲ့သော စတုတ္ထအချက်နှင့် တတိယအကြိမ်ကဆွေးနွေးခဲ့သော ပဉ္စမအချက်တို့ကို အဓိကထားဆွေးနွေးခဲ့ကြောင်း သိရသည်။

            “ဒီနေ့ဆွေးနွေးတဲ့ပွဲက ယခင်ဦးအောင်သောင်းခေါင်းဆောင်သောအဖွဲ့နဲ့ဆွေးနွေးခဲ့တဲ့ထဲက အချက်တစ်ချက်ကို အဓိကထားဆွေးနွေးခဲ့တာဖြစ်တယ်၊ အဲ့အချက်ကဘာလဲဆိုရင် နှစ်ဖက်တပ်စခန်းတွေ နေရာချထားရေးနဲ့ပတ်သက်ပြီး အလွတ်သဘောတွေ့ဆုံဆွေးနွေးခဲ့တဲ့သဘောပါ၊ ဒီနေ့ဆွေးနွေးပွဲကို ကြည့်မယ်ဆိုရင် ပြည်တွင်းငြိမ်းချမ်းရေးရရှိဖို့ အတွက်အလားအလာကောင်းတွေဖြစ်နိုင်တယ်လို့ထင်ပါတယ်” ဟု ငြိမ်းချမ်းရေးအကျိုးတော်ဆောင် ဦးအယ်ခွန်းအောင်က ပြောကြားသည်။

            ဇွန်လ ၁ ရက်နေ့တွင်ဆွေးနွေးခဲ့သော ငြိမ်းချမ်းရေးဆွေးနွေးပွဲသည် အလွတ်သဘော တွေ့ဆုံဆွေးနွေးမှုဖြစ်ပြီး နှစ်ဦးနှစ်ဖက်ပွင့်ပွင့်လင်းလင်း ဆွေးနွေးခဲ့ကြသည့်အတွက် တစ်ဖက်နှင့်တစ်ဖက် နားလည်မှုများရရှိခဲ့ပြီး ငြိမ်းချမ်းရေးရရှိစေရန် နောက်ပိုင်းတွင်လဲဆွေးနွေးပွဲများ ဆက်လက်ကျင်းပသွားရန် နှစ်ဦးနှစ်ဖက် သဘောတူခဲ့ကြောင်း သိရသည်။

            “ ယခင်က ပြည်နယ်အဆင့်မှာ ၃ ကြိမ် ၃ ခါဆွေးနွေးခဲ့တယ်၊ ပြီးတော့ ဦးအောင်သောင်း ခေါင်းဆောင်တဲ့အဖွဲ့နဲ့ ပြည်ထောင်စုအဆင့်မှာ ၃ ကြိမ် ၃ ခါဆွေးနွေးခဲ့ပြီးပြီ ဘာမှထူးခြားမလာဘူး၊ အခု နိုင်ငံတော်အဆင့်ဆွေးနွေးဖို့အတွက် ဦးအောင်မင်းက အလွတ်သဘောကြိုတင်လာရောက် ဆွေးနွေးတဲ့ပုံကတော့ ယခင်ဆွေးနွေးပွဲတွေနဲ့မတူပဲ ငြိမ်းချမ်းရေးရရှိဖို့အတွက် အခြေအနေကောင်းတွေ ကိုတွေ့နေရတယ်လို့ထင်တယ်”  ဟု ဦးလမိုင်ဂွမ်ဂျာက ဆိုသည်။

            အစိုးရငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့မှ တာဝန်ရှိသူများနှင့် ကချင်လွတ်မြောက်ရေး အဖွဲ့(KIO)မှ ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့ဝင်များ ဇွန်လ တတိယပတ်တွင် တတိယအကြိမ်မြောက် အလွတ်သဘော ထပ်မံတွေ့ဆုံရန် လျာထားကြောင်း သိရသည်။