ကရင်အမျိုးသားအစည်းအရုံး(KNU) ဗဟိုကော်မတီဝင် ဖဒိုမန်းငြိမ်းမောင်အား ထောင်ဒဏ် တစ်သက်တစ်ကျွန်းပြစ်ဒဏ်ကျနေရာမှ မတ်လ ၁၉ ရက်နေ့ မနက် ၇ နာရီ ၅၀ အချိန်တွင် အင်းစိန်အကျဉ်းထောင်မှ ပြန်လည်လွတ်မြောက်လာကြောင်း မျက်မြင်တွေ့ရှိသူတစ်ဦးမှ ပြောကြားသည်။
ဖဒိုမန်းငြိမ်းမောင်ကို ၂၀၁၁ ဇူလိုင်လတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ဖမ်းဆီးခဲ့ပြီး ၂၀၁၂ မတ်လ ၁၃ ရက်နေ့က နိုင်ငံတော်ပုန်ကန်မှု၊ မတရားအသင်း ဆက်သွယ်မှုများဖြင့် ထောင်ဒဏ် တစ်သက်တစ်ကျွန်းချမှတ်ထားရာမှ ၆ ရက်အကြာ မတ်လ ၁၉ ရက်နေ့တွင် အင်းစိန်အကျဉ်းထောင်မှ ပြန်လည်လွှတ်ပေးလိုက်ခြင်းကြောင့် အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအကြား ငြိမ်းချမ်းရေးဆွေးနွေးမှုများကို အထောက်အပံ့ဖြစ်စေနိုင်ကြောင်း နိုင်ငံရေးလေ့လာသူတစ်ဦးမှ ဆိုသည်။
ကရင်အမျိုးသားအစည်းအရုံးမှ ငြိမ်းချမ်းရေးအဖွဲ့ခေါင်းဆောင် ပဒိုဒေးဗစ်ထောက “ အစိုးရအဖွဲ့အနေနဲ့ ပြည်နယ်အဆင့်ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ ကျွန်တော်တို့တောင်းဆိုထားတဲ့ ဖဒိုမန်းငြိမ်းမောင်အားလွှတ်ပေးရေးဆိုတဲ့ အချက်ကိုလိုက်လျောလိုက်တဲ့အတွက် အများကြီးကြိုဆိုပါတယ် ” ဟု ပြောကြားသည်။
ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)မှ နိုင်ငံခြားရေး ဒုတာဝန်ခံ ရွှေမျိုးသန့်မှ “ ဖဒိုမန်းငြိမ်းမောင်ကိုစတင်စီရင်ချက်ချတုံးက အစိုးရအနေနဲ့ ဒီလိုဆက်လုပ်သွားမယ်ဆိုရင် ငြိမ်းချမ်းရေး လုပ်ငန်းတွေကရော စစ်မှန်ပါ့မလားလို့ ကျွန်တော်တို့မြင်ပါတယ်၊ ခုလိုပြန်လည်လွတ်မြောက်လာတဲ့အတွက် ကျွန်တော်တို့အများကြီးကြိုဆိုပါတယ်၊ KNU အတွက်တင်မဟုတ်ပဲ ငြိမ်းချမ်းရေးဆွေးနွေးရေးလုပ်နေတဲ့ အဖွဲ့တွေအားလုံးအတွက်ပါ အထောက်ကူဖြစ်စေနိုင်ပါတယ် ” ဟုပြောကြားသည်။
မြန်မာအစိုးရငြိမ်းချမ်းရေးဖော်ဆောင်ရေး ကိုယ်စားလှယ်အဖွဲ့နှင့် ကရင်အမျိုးသားစည်းရုံး (KNU)မှ ငြိမ်းချမ်းရေးဖော်ဆောင်ရေးကိုယ်စားလှယ်အဖွဲ့တို့ ဧပြီလဆန်းပိုင်းတွင် ထိုင်းနိုင်ငံမဲဆောက်မြို့တွင် အလွတ်သဘောတွေ့ဆုံမှုပြုလုပ်ရန်ရှိပြီး အဆိုပါတွေ့ဆုံမှုတွင် ဖဒိုမန်းငြိမ်းမောင်အားတရားဝင် လွှဲပြောင်းပေးအပ်သွားဖွယ်ရှိကြောင်း သိရသည်။
၂၀၁၂ ဇန်နဝါရီလ ၁၄ ရက်နေ့က ပြည်ထဲရေးဝန်ကြီးဌာနတွင်းကျင်းပသော သတင်းစာရှင်းလင်းပွဲတွင် ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကိုကိုက ကရင်အမျိုးသားအစည်းအရုံး ဗဟိုကော်မတီဝင် ဖဒိုမန်းငြိမ်းမောင်ကို ပထမအဆင့်အနေဖြင့် တရားဥပဒေနှင့်အညီ အရေးယူမှုများ ပြုလုပ်သွားမည်ဖြစ်ပြီး ဒုတိယအဆင့်အနေဖြင့် လွတ်ငြိမ်းချမ်းသာခွင့်ကို စဉ်းစားပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
No comments:
Post a Comment