Thursday, 26 July 2012

မလေးရှားရောက် ရခိုင် ၂ ဦးအသတ်ခံရ

                မလေးရှားနိုင်ငံတွင် ရခိုင်အမျိုးသား (၂) ဦး ဇူလိုင်လ ၂၁ ရက်နေ့က အသတ်ခံခဲ့ရသည်ဟု သိရသည်။ အသတ်ခံရသူ (၂) ဦးမှာ ပေါက်တောမြို့နယ် ကျိုင်းတောင်ရွာမှ အဖ ဦးမောင်မောင်ချေ၊ အမိ ဒေါ်သောင်းစိန်ဦးတို့၏ သား ကိုစိုးနိုင် (အသက် ၃၈နှစ်) နှင့် မောင်တောမြို့နယ် ဗောဓိကုန်းကျေးရွာမှ ဦးကျော်သိန်း (ခ) မောင်စောအောင် (အသက် ၃၆)နှစ်တို့ ဖြစ်သည်။
               “ သူတို့နှစ်ယောက်ဟာ ၁၈ ရက်နေ့က အလုပ်တခု အတွက် အင်တာဗျူးဖို့သွားတယ်လို့    ပြောပါတယ်။ အဲဒီ နေ့ကပင် ပြန်မရောက်ပါ။ ညနေမှာ သူတို့ကို ဖုန်းဆက်တယ်။ ဖုန်းက ရိန်းပေမယ့် ကိုင်သူ မရှိဘူးလို့ ပြောပါ တယ်။ နောက် ၃ရက်လောက် အကြာ ဇူလိုင်လ ၂၁ ရက်နေ့က ကာဂျမ်းမြို့နယ် အူလာလာငန်းမှာ တရုတ် တစ်ယောက်က အလောင်းနှစ်လောင်းတွေ့တယ်ဆိုပြီး ရဲကို တိုင်ပါတယ်။ ရဲက သွားယူပြီး ၂၃ ရက်နေ့မှာ ရဲက ARRC ရုံးကို ဖုန်းဆက်တယ်။ ၂၄ ရက်နေ့မှာ ရုံးက တာဝန်ရှိသူတွေ သွားကြည့်တော့ သူတို့နှစ်ဦး ဖြစ်နေ တယ်” ဟု ရခိုင်အရေးကို ဆောင်ရွက်နေသူ ကိုမင်းအောင်နိုင်က ပြောသည်။
               သူတို့နှစ်ဦး၏ အလောင်းအား မလေးရှားနိုင်ငံ ULU LUNGAT ANPANG TOWNSHIP   မြို့နယ်တွင် ဇူလိုင်လ ၂၁ ရက် နေ့က တွေ့ရှိခြင်းဖြစ်သည်။ အမည်မသိ လူအုပ်စု တစ်စု တစ်ခုမှ သတ်ဖြတ်သွားခြင်း ဖြစ်နိုင်ကြောင်း သူက ဆက်ပြောသည်။ “ သေဆုံးသွားသူနှစ်ဦးသည် ရခိုင်ကို ဦးတည်တိုက်ခိုက်နေတဲ့ အဖွဲ့တဖွဲ့၏ လက်ချက် ဖြစ်နိုင်တယ်လို့ အားလုံးက ယုံကြည် နေကြပါတယ်။ အမှုနဲ့ ပတ်သက်ပြီးတော့လည်း တရားခံတွေကို ARRC တာ ၀န်ရှိသူများက လိုက်လံ စုံစမ်းနေကြပါတယ်” ဟု ပြောသည်။ မလေးရှားနိုင်ငံတွင် ယခုကဲ့သို့ ရခိုင်အမျိုးသားများ မကြာခဏ သတ်ဖြတ်ခံနေကြရသဖြင့် မလေးရှားတွင် ရောက်ရှိနေသော ရခိုင် လူမျိုးများအတွက် ရှေ့ကိုလည်း အန္တရာယ် ဖြစ်နိုင်သည်ဟု ကိုမင်းအောင်နိုင်က ပြောသည်။ “ ဒီလို ပုံစံမျိုးနဲ့ဆိုရင် ကျွန်တော်တို့ ရခိုင်တွေဟာ ရှေ့ကိုလည်း အန္တရာယ်ရှိတယ်လို့ ယူဆလို့ရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့ ဒီနှစ်ယောက် မတိုင်ခင်ကလည်း ဒီလို အသတ်ခံရတာတွေ ရှိခဲ့ပါတယ်” ဟု ပြောသည်။
                    ယခု သေဆုံးသူ ကိုစိုးနိုင်တွင် ညီအစ်ကိုမောင်နှမ ၆ ယောက်ရှိသည့်အနက် ၄ ယောက်မြောက် သားဖြစ်ပြီး၊ ဦင်္း ကျော်သိန်းတွင် သားနှစ်ယောက်နှင့် သမီးတစ်ယောက် ကျန်ခဲ့သည်ဟု သိရသည်။

ရခိုင်သတင်းဌာနတစ်ခုမှကူးယူဖော်ပြသည်။ 
 အဆိုပါဖြစ်ရပ်နှင့်ပတ်သက်ပြီး နိုင်ငံတော်သမ္မတရုံးအကြီးတန်းအရာရှိတစ်ဦး၏ ဖေ့ဘုတ်တွင် ပြည်ပရောက်မြန်မာနိုင်ငံသားများ သတိနှင့်သွားလာနေထိုင်ကြရန် အကြံပြုထားသည်ကို တွေ့ရသည်။

No comments: