Thursday, 19 July 2012

အစိုးရတာဝန်ရှိသူများနှင့် KIO မှတာဝန်ရှိသူများ စတုတ္ထအကြိမ်မြောက် အလွတ်သဘော တွေ့ဆုံဆွေးနွေးရန် သဘာတူညီချက်မရရှိသေး

မြန်မာအစိုးရငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့မှ တာဝန်ရှိသူများနှင့် KIO ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့မှ တာဝန်ရှိသူများ စတုတ္ထအကြိမ်အဖြစ် အလွတ်သဘောတွေ့ဆုံဆွေးနွေးရန် ဇူလိုင် ၁၉ ရက်နေ့ထိ သဘောတူညီချက် မရရှိသေးကြောင်း KIO ဘက်မှငြိမ်းချမ်းရေးအကျိုးတော်ဆောင် ဦးလမိုင်ဂွမ်ဂျာက ပြောကြားသည်။ ဦးလမိုင်ဂွမ်ဂျာက `မြန်မာအစိုးရငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့က တာဝန်ရှိသူတွေနဲ့ KIO ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့က တာဝန်ရှိသူတွေ စတုတ္ထအကြိမ်မြောက် တွေ့ဆုံဆွေးနွေးရန် သဘောတူညီချက် မရရှိသေးခြင်းမှာ တွေ့ဆုံဆွေးနွေးမည့်နေရာအား နှစ်ဦးနှစ်ဖက် ညှိနှိုင်းနေဆဲဖြစ်ပြီး မြန်မာအစိုးရဘက်မှ တင်ပြသည့် ဗန်းမော်နဲ့ မူဆယ်ကို KIO ဘက်ကတာဝန်ရှိသူတွေက သဘောမတူသကဲ့သို့ KIO ဘက်မှတင်ပြသည့် ဂန်ဝမ်ရွာကိုလည်း မြန်မာအစိုးရ တာဝန်ရှိသူတွေက သဘောမတူသဖြင့် တွေ့ဆုံဆွေးနွေးမဲ့နေ့ကို သတ်မှတ်နိုင်ခြင်းမရှိသေးတာပါ´ ဟု ပြောကြားသည်။ ဦးအောင်မင်း ခေါင်းဆောင်သော မြန်မာအစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့မှ တာဝန်ရှိသူများနှင့် KIO ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့မှ တာဝန်ရှိသူများ အလွတ်သဘောကြိုတင် တွေ့ဆုံဆွေးနွေးခဲ့သော သုံးကြိမ်စလုံးသည် ပွင့်လင်းမြင်သာမှုရှိပြီး နှစ်ဦးနှစ်ဖက်ပွင့်ပွင့်လင်းလင်း ဆွေးနွေးခဲ့သောကြောင့် တွေ့ဆုံဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သူများ အားရကျေနပ်မှုရှိကြောင်း သိရသည်။ တတိယအကြိမ်မြောက် တွေ့ဆုံဆွေးနွေးမှုများပြုလုပ်ခဲ့ပြီးနောက်ပိုင်း မြန်မာအစိုးရတပ်မတော်နှင့် KIA တပ်မတော်တို့အကြား တိုက်ပွဲငယ်ပေါင်း ၁၀၀ ကျော်ဖြစ်ပွားခဲ့သဖြင့် နှစ်ဖက်သော ငြိမ်းချမ်းရေးဖော်ဆောင်ရေး အဖွဲ့မှတာဝန်ရှိသူများ စတုတ္ထအကြိမ်ဆွေးနွေးမှုပြုလုပ်ရန် အပြင်းအထန် ညှိနှိုင်းနေရကြောင်း သိရသည်။

No comments: